ဩဂုတ်လ (၁၀)ရက်။
မနေ့က ညနေ (၅)နာရီအချိန်မှာ သပိတ်ကျင်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၁၄၈)ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ မိုးကုတ်ဗျူဟာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ ခလရ (၁၄၈)ကို TNLA နဲ့ မိုးကုတ်ဗျူဟာ အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ခလရ (၁၄၈)ဟာ သပိတ်ကျင်းမြို့နယ်၊ ကျောက်လှည်းဘီးရွာ၊ မန္တလေး-မိုးကုတ်လမ်းမပေါ်မှာ တည်ရှိပြီး မိုးကုတ်မြို့သိမ်းတိုက်ပွဲထဲ ပြည်သူတွေကို စားနပ်ရိက္ခာ ပြတ်လပ်စေဖို့ ပိတ်ဆို့တာတွေ ပြုလုပ်ခဲ့ပါတယ်။
ခလရ (၁၄၈)ကို တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က နေ့တိုင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
TNLA အပါအ၀င် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ သပိတ်ကျင်းမြို့အခြေစိုက် ခလရ (၁၄၈)တပ်စခန်းကို ဇွန်လ (၂၇)ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ရာ (၂)ပတ်ခန့်အကြာမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။
အခုလို သပိတ်ကျင်းမြို့က စစ်ကောင်စီရဲ့ ခလရ (၁၄၈)ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အသေးစိတ်ထုတ်ပြန်လာတာ မရှိသေးဘူးလို့ သိရပါတယ်။