ဩဂုတ်လ (၁၄)ရက်။
မနေ့က နောင်ချိုမြို့နဲ့ သီပေါမြို့တိုက်ပွဲထဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံးရေ (၁၂၉)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မနေ့က နောင်ချိုမြို့တိုက်ပွဲထဲ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ (၁)ကြိမ်အပါအ၀င် Y-12 ထောက်ပို့လေယာဉ် (၁၁)ကြိမ်နဲ့ ဗုံးအလုံးရေ (၈၅)လုံး လာရောက်ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
နောင်ချိုမြို့ရှိ နောင်လင်ရွာမှာ စစ်ကောင်စီရဲ့ တပ်မ(၉၉)လက်အောက်ခံ ခမရ(၃၀၂)တပ်နဲ့ ရမခလက်အောက်ခံ ခမရ(၃၂၅)တပ်အပါအ၀င် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၃၀၆)တပ်ရင်းတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် သီပေါမြို့နယ်က စစ်ကောင်စီရဲ့ ခလရ(၂၃)တပ်စခန်းနေရာမှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲမှာလဲ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ (၁)ကြိမ်အပြင် Y-12 ထောက်ပို့လေယာဉ်အသုံးပြုပြီး (၈)ကြိမ်နဲ့ စုစုပေါင်း ဗုံးအလုံးရေ (၄၄)လုံး လာရောက်ကြဲချခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ မန်တုံမြို့နယ်ရှိ မန်ဆာကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဖျက်အားပြင်း ပေါင်(၅၀၀)ဗုံးတစ်လုံးအပါအ၀င် ဗုံး (၅)လုံးနဲ့ အရပ်သားတွေကို ဦးတည်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။