ဩဂုတ်လ (၁၅)ရက်။
လားရှိုးတိုက်ပွဲမှာ လက်နက်ချအလင်း၀င်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် (၇)ဦးကို ဆုကြေးငွေတွေ ပေးအပ်ခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့၀င် (၇)ဦးဟာ လားရှိုးမြို့သိမ်းတိုက်ပွဲ အစောပိုင်းကာလထဲက မဟာမိတ်တပ်ထံ လက်နက်ချ အလင်း၀င်ဖို့ အစပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့၀င် (၇)ဦး လက်နက်ချ အလင်း၀င်ခဲ့တဲ့အချိန်ဟာ တိုက်ပွဲပြင်းထန်နေတာကြောင့် သူတို့ကို နောက်တန်းမှာ နေရစ်စေခဲ့ပြီး ဩဂုတ်လ (၁၃)ရက်မှာ ဆုကြေးပေးအပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
လက်နက်ချ အလင်း၀င်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် (၇)ဦးကို သက်ဆိုင်ရာ ဆုပေးရေးမူဝါဒတွေ ရှင်းပြခဲ့ပြီး တစ်ဦးကို ငွေကျပ် (၁၀)သိန်းစီနဲ့ စုစုပေါင်း ငွေကျပ်သိန်း (၇၀) ချီးမြှင့်ခဲ့တယ်လို့ ရေးသားထားပါတယ်။
သူတို့ (၇)ဦးရဲ့ သဘောဆန္ဒအရ စစ်ကောင်စီတပ်ရဲ့ အတင်းအကြပ် စစ်မြေပြင်ကို ပြန်ပို့တာမျိုး မဖြစ်စေဖို့ အထူးဒေသ(၁)နယ်မြေထဲမှာပဲ ဆက်လက်နေထိုင်သွားမယ်လို့ ပြောဆိုထားပါတယ်။
လားရှိုးတိုက်ပွဲစတင်ခဲ့ပြီးနောက် MNDAA ရဲ့ နိုင်ငံရေးဌာနက လက်နက်ချ အလင်း၀င်သူတွေအတွက် ဆုချီးမြင့်တဲ့ မူဝါဒတွေ ထုတ်ပြန်ခဲ့ကာ စစ်ကောင်စီတပ်ဘက်က လက်နက်ချ အလင်း၀င်လာသူတွေရှိတယ်လို့ သိရပါတယ်။