ဩဂုတ်လ (၁၅)ရက်။
ဒီကနေ့ နံနက်ပိုင်းကစပြီး ရေဦးမြို့အနောက်ဘက်ခြမ်းရွာတွေကို စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ခတ်ကာ စစ်ကြောင်းထိုးလာနေတယ်လို့ People’s Defense Comrade ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး မုံရွာနမခနဲ့ ဟုမ္မလင်းတို့ကနေ ရေဦးမြို့ပေါ်ကို (၃)ရက်ဆက်တိုက် Mi-17 နဲ့ လေကြောင်းကနေတဆင့် စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ရေဦးမြို့ပေါ် စစ်အင်အားနဲ့ လက်နက်ခဲယမ်းအင်အားတွေ ဖြည့်တင်းပေးခဲ့ချိန်က MI-35 နဲ့ ရေဦးအနောက်ခြမ်းကျေးရွာတွေတဝိုက်ကို အကြောင်းမဲ့သက်သက် လေကြောင်းတိုက်ခိုက်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရေဦးမြို့ပေါ်ကို အင်အားဖြည့်တင်းပြီးနောက် ဒီကနေ့မှာတော့ တိုင်းရင်းဆေးရုံထဲ တပ်စွဲထားတဲ့ စစ်ကောင်စီအင်အား (၈၀)ခန့်နဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ကာ စစ်ကြောင်းစထိုးလာတာလို့ ရေးသားထားပါတယ်။
စစ်ကောင်စီရဲ့ ပစ်ခတ်စစ်ကြောင်းထိုးလာတာကြောင့် ရေဦးမြို့အနောက်ခြမ်းက ကျေးရွာပေါင်း (၁၀)ရွာခန့်ရှိ ဒေသခံပြည်သူ (၃၀၀၀)ကျော်ဟာ မိုးရွာထဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီဟာ ရေဦးကနေ ဒီပဲယင်းကို စစ်အင်အား အပြောင်းအလဲပြုလုပ်ဖို့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး မစိုးရိမ်နဲ့ ခြုံရွာတို့အနီးမှာ လှုပ်ရှားနေကာ အနီးရှိကျေးရွာတွေက ပြည်သူတွေ အထူးဂရုစိုက်ကြဖို့ အသိပေးထားတယ်လို့ သိရပါတယ်။