ဩဂုတ်လ (၁၇)ရက်။
အခုရက်ပိုင်းကစပြီး ဒီပဲယင်းမြို့ပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်လာခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
“ ဩဂုတ်လ (၁၅)ရက်နေ့ကစပြီး ဒီပဲယင်းမြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်နေတာ။ စကစက မြို့တော်ခန်းမ၊ တောင်ပြင်ရပ်ကွက်နဲ့ ရဲစခန်းအနီးကို ဂျက်ဖိုက်တာ (၂)စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဒီပဲယင်းမြို့တိုက်ပွဲထဲ ဩဂုတ်လ (၁၆)ရက်နေ့ နံနက် (၉)နာရီ၀န်းကျင်ခန့်မှာ စစ်ကောင်စီရဲ့ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ မြို့တော်ခန်းမအပါအ၀င် တောင်ပြင်ရပ်ကွက်နဲ့ ရဲစခန်းအနီးကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ဒီပဲယင်းမြို့ပေါ်တိုက်ပွဲမှာ အထိနာနေတာကြောင့် အခုလို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
ဒါ့အပြင် ဒီကနေ့ နံနက် (၉)နာရီခွဲ၀န်းကျင်ကစပြီး ဒီးပဲယင်းမြို့အနီးကို စစ်ကောင်စီဟာ Mi-35 နဲ့ ပစ်ခတ်ခဲ့သလို Y-12 လေယာဉ်နဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းတွေက ဖော်ပြထားပါတယ်။
ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ အောင်သာနဲ့ မစိုးရိမ်တဝိုက်ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးရောက်ရှိနေကာ စစ်ကောင်စီစစ်ကြောင်းအနီးရှိ ကျေးရွာတွေအနေနဲ့ လေကြောင်းသတိပြုကြဖို့ အသိပေးပြောဆိုတာတွေရှိနေပါတယ်။
ဒီပဲယင်းမြို့မှာ (၃)ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေပြီး ဖုန်းလိုင်းတွေလဲ ပြတ်တောက်နေကာ တိုက်ပွဲတွေကြောင့် ဒီပဲယင်းနဲ့ ရေဦးမြို့က ဒေသခံ (၁၀၀၀၀)နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။