ဩဂုတ်လ (၂၆)ရက်။
မနေ့က နံနက်ပိုင်းအချိန်မှာ ပြင်ဦးလွင်ခရိုင်ရှိ သပိတ်ကျင်းမြို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သပိတ်ကျင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဩဂုတ်လ (၁၇)ရက်နေ့ကစပြီး စတင်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ (၁၉)ရက်နေ့မှာ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့၀င်တွေ မြို့ဦးတောင်စေတီကို ဆုတ်ခွာသွားတာကြောင့် ဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
သပိတ်ကျင်းမြို့ရှိ သနတ(၁)၊ စခတ(၂)၊ တကက(၁၃)အပါအ၀င် စစ်ကောင်စီရဲနဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၃၀)ခန့်ကို တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးသီးအလုံး (၇၀) ကြဲချခဲ့သလို Y-12 နဲ့ ဗုံးသီး (၁၅၀)ကျော်နဲ့ Mi-35 (၂)စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီး စိုးမင်းသူ (ကြည်း ၅၃၄၅၄၂)ကို ဖမ်းမိခဲ့ပြီး လက်နက်မျိုးစုံ (၆၈)လက်၊ ကျည်မျိုးစုံ (၁၈၆၆၉)တောင့်၊ ဗုံးသီးမျိုးစုံ (၄၂)လုံး၊ RPG ဒုံးသီး (၃၆)လုံး၊ Jammer (၃)လုံး၊ ဆက်သွယ်ရေးစက် (၁)ခုနဲ့ အခြားလူသုံးကုန်စက်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲထဲ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က (၄)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
သပိတ်ကျင်းမြို့ကို ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂)တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၅၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တပ်ဖွဲ့၊ ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။