ဩဂုတ်လ (၂၆)ရက်။
သပိတ်ကျင်းမြို့ရှိ စစ်ကောင်စီရဲ့ ကွင်း(၅၀၀)စခန်းကနေ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ပြီး သုံ့ပန်းအချို့ ဖမ်းမိခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ ဗိုလ်မှူး စိုးကျော်ထိုက် ဦးစီးတဲ့ အင်အား (၄၀၀)ခန့်ရှိ ကွင်း (၅၀၀)တပ်စခန်းကို ဩဂုတ်လ (၅)ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ကာ ရက်ပေါင်း (၂၀)ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
သပိတ်ကျင်းမြို့ရှိ ကွင်း (၅၀၀)မှာ အခြေပြုလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်စခန်းကို MDY-PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကာ ပေးဆပ်မှုအချို့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုအခါ သပိတ်ကျင်းမြို့ကို တစ်ပတ်နီးပါးကြာ တိုက်ခိုက်ခဲ့ပြီးနောက် ဩဂုတ်လ (၂၅)ရက်နေ့ နံနက်ပိုင်းအချိန်မှာ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မိုးကုတ်နဲ့ စဉ့်ကူးလမ်းပိုင်းကြားရှိ စစ်ကောင်စီရဲ့ ဗျူဟာမြောက်တပ်စခန်းတွေအပါအ၀င် စခန်းငယ်တွေအားလုံး ကင်းစင်သွားပြီလို့လဲ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။