ဩဂုတ်လ (၂၇)ရက်။
ပြည်သူ့စစ်တွေ၊ စစ်မှုထမ်းဟောင်းတွေနဲ့ ရဲတွေပူးပေါင်းပြီး နယ်မြေလုံခြုံရေးဆောင်ရွက်ဖို့ မနေ့က မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
နယ်မြေလုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်တာတွေ လုံခြုံချောမွေ့ကောင်းမွန်စေဖို့ ဆောင်ရွက်တဲ့အခါ ရေရှည်အတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်သွားဖို့ ပြောဆိုခဲ့ပါတယ်။
နောက်ပြီး တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့၀င်တွေရဲ့ စွမ်းရည်တွေလဲ တိုးတက်စေဖို့နဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့သတင်းတွေ စဉ်ဆက်မပြတ်ရရှိဖို့ လိုအပ်ပြီး အခြားနယ်မြေဒေသလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းဖို့ ညွှန်ကြားခဲ့ပါသေးတယ်။
မန္တလေးကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နန်းမြို့ထဲက ဆေးရုံမှာ တိုက်ပွဲတွေထဲ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကိုလဲ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးမြို့ကို ရောက်ရှိနေတဲ့အချိန် မန္တလေးနန်းမြို့ရိုး ပြိုကျတာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င်တွေက အစိမ်းရောင်အမိုးအကာတွေနဲ့ ပြန်လည်ပြုပြင်နေကြပါတယ်။
မန္တလေးမြို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် စတင်လာရောက်ခဲ့တဲ့ ဩဂုတ်လ (၂၅)ရက်နေ့ နံနက်ပိုင်းအချိန်မှာ သပိတ်ကျင်းမြို့ကို တော်လှန်ရေးအင်အားစုတွေက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အခုအခါ မန္တလေးမြို့အနီး မတ္တရာမြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်စခန်းတွေ ထိုးစစ်ဆင်တိုက်ခိုက်ခံနေရကာ စစ်ကောင်စီတပ်စခန်း (၃၅)ခုအထိ သိမ်းပိုက်ရရှိထားတယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။