ဩဂုတ်လ (၂၉)ရက်။
ဒီကနေ့ နေ့လယ်ပိုင်းအချိန်က မန္တလေးမြို့ပေါ်မှာ တိုက်ပွဲမဖြစ်ပွားအောင် ဝိုင်း၀န်းတားဆီးပေးကြဖို့ စစ်တပ်ထောက်ခံသူတွေက လှည့်လည်ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
အခုလိုလှည့်လည်ဆန္ဒပြတာကို စစ်တပ်ထောက်ခံသူတွေအပါအ၀င် ပျုစောထီးတွေ၊ သွေးသောက်အဖွဲ့တွေနဲ့ သင်္ကန်း၀တ်တွေက မန္တလေးတောင်ခြေ၊ ကျုံးပတ်လည်နဲ့ ကမ်းနားလမ်းတို့မှာ ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။
လှည့်လည်ဆန္ဒပြတာကို မန္တလေးနန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်လော်ဘီတွေက ဓါတ်ပုံတွေနဲ့တကွ ဖော်ပြထားကြပါတယ်။
ချီတက်ဆန္ဒပြတာဟာ မန္တလေးမြို့မှာ ပြည်သူတွေ စည်းလုံးပြီး ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ မန်းမြို့တော်ကြီးကို ကာကွယ်ဖို့၊ စစ်ဘေးမဖြစ်စေဖို့ ဆန္ဒထုတ်ဖော် လှုံ့ဆော်တာလို့ ရေးသားထားပါတယ်။
“ စစ်ကိုခေါ်ရင် စစ်ပွဲလာမှာပဲဆိုပြီး ပြောပြောနေတဲ့ စစ်တပ်ထောက်ခံတဲ့ဟာတွေကိုယ်တိုင် အခု တိုက်ပွဲမဖြစ်ဖို့ကို တောင်းဆိုနေရတာပေါ့။ သူတို့ထောက်ခံတဲ့ စစ်တပ်က အခုဆို နေရာတိုင်းမှာ မကယ်နိုင်မဆယ်နိုင် ရှုံးနေတာဆိုတော့ အခုလိုအခြေအနေအထိ လုပ်နေရတာ” လို့ မန္တလေးမြို့နေသူတစ်ဦးက ဆိုပါတယ်။
အခုအခါ တိုက်ပွဲဖြစ်ပွားတာတွေက မန္တလေးမြို့နဲ့ နီးကပ်လာနေတာကြောင့် စစ်ကောင်စီဘက်က ခုခံဖို့ ပြင်ဆင်တာတွေရှိနေပြီး နန်းမြို့ရိုးမှာ သဲအိတ်ကာတာတွေအပြင် အခုလို တောင်းဆိုဆန္ဒပြတာတွေပါ ရှိလာနေတာပါ။
မန္တလေးတိုင်းထဲရှိ စဉ့်ကူးမြို့၊ မိုးကုတ်မြို့နဲ့ သပိတ်ကျင်းမြို့တို့ကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပြီး တပ်စခန်းအများအပြားကိုလဲ တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။