စက်တင်ဘာလ (၅)ရက်။
ဩဂုတ်လ (၁)ရက်နေ့ကစပြီး ဒီကနေ့အထိ သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၂၄)ဦးသေဆုံးပြီး (၆၄)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သီပေါမြို့နယ်မှာ စစ်ကောင်စီက အရပ်သားပြည်သူတွေရှိရာကို ဦးတည်ပြီး ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကာ သေဆုံးသူတွေထဲ ကလေးငယ်တွေ ပါ၀င်တယ်လို့ ဆိုပါတယ်။
မနေ့က ည (၉)နာရီခွဲအချိန် နမ့်လန်မှာ အခြေချနေတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ကျောင်းပြိန်းရွာနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၇၃)နှစ်အရွယ် ဦးလုံးစိတ်ဆိုသူ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နေအိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့ဖြစ်စဉ်ထဲ အသက် (၇၂)နှစ်အရွယ်ရှိ သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်နန်းရွက်လူဟာလဲ ခြေထောက်နှစ်ဖက်နဲ့ ခန္တာကိုယ်တို့မှာ ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် စက်တင်ဘာလ (၂)ရက်နေ့က စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ နားမခေါ်ကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပြောဆိုထားပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး ကျောင်းပြိန်းရွာက ကိုကျော်မြင့်ဆိုသူလဲ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။