စက်တင်ဘာလ (၁၄)ရက်။
မကွေးတိုင်းနဲ့ ပဲခူးတိုင်း(အရှေ့နဲ့အနောက်)တို့ရှိ ရေလှောင်တမံတွေ ရေပိုလွှဲအထက်ကို ရေကျော်လွန်နေတာကြောင့် အထူးသတိပြုနေထိုင်ဖို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရေလှောင်တမံတွေ ရေပိုလွှဲအထက်ကို ရေကျော်လွန်နေတဲ့အတွက် အဲ့ဒီရေလှောင်တမံတွေအနီးနဲ့ အောက်ပိုင်းရှိ မြို့ရွာတွေကနေ ဒေသခံပြည်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့နဲ့ လိုအပ်ရင် အချိန်မီရှောင်ရှားဖို့ အသိပေးထားပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းက မိုးရေတွေနဲ့ ဆည်ရေထုတ်လွှတ်တာတွေကြောင့် ပဲခူးနဲ့ ဧရာ၀တီတို့ရှိ မြစ်ချောင်းတွေမှာ ရေကြီးတာတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ဖို့ နှိုးဆော်ထားပါတယ်။
အခုအခါ မန္တလေးတိုင်းထဲ မိုးရွာသွန်းတာ လျော့နည်းသွားပေမယ့် လျှပ်စစ်ဓါတ်အားပေးတမံတွေဟာ ရေပိုလွှဲအထက် ရေကျော်လွန်ရောက်ရှိနေတာကြောင့် သတိပြုစောင့်ကြည့်သင့်တယ်လို့လဲ ပြောဆိုထားပါတယ်။
ဒီကနေ့မှာ ကချင်၊ ရှမ်း၊ ချင်း၊ ကရင်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေးနဲ့ တနင်္သာရီတို့မှာ နေရာကျဲကျဲနဲ့ ကရင်နီ၊ ရခိုင်၊ မွန်၊ ရန်ကုန်နဲ့ ဧရာ၀တီတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုတာတွေ ဖြစ်ပွားခဲ့ကာ သေဆုံးသူ (၁၅၀)ဦးထက်မနည်းရှိခဲ့ပြီး ရေဘေးသင့်ပြည်သူ (၂)သိန်းကျော်အထိရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။