စက်တင်ဘာလ (၁၆)ရက်။
ဒီကနေ့ နံနက် (၉)နာရီကနေစပြီး (၁၀)နာရီထိ သီပေါမြို့ရှိ လူနေရပ်ကွက်တွေထဲ စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ (၅၀)ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သီပေါမြို့ရှိ အနောက်ရပ် ရပ်ကွက်နဲ့ စင်မာလာပြည်သူ့ဥယျာဉ်ထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ရပ်ကွက်တွေထဲ စစ်ကောင်စီကြဲချခဲ့တဲ့ ဗုံးတွေ ကျရာက်ပေါက်ကွဲခဲ့တာကြောင့် လူနေအိမ်တွေ ပျက်စီးခဲ့ရပြီး ဒေသခံတစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့ကာ တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မနေ့က ည (၉)နာရီကျော်အချိန်ကလဲ စစ်ကောင်စီတပ်စွဲထားတဲ့ တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ရာ သီပေါမြို့ရှိ ဇတ်စုရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တလုံး မီးလောင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ဦးတည်ပြီး လေကြောင်းနဲ့ လိုက်လံဗုံးကြဲတာကြောင့် အရပ်သား ထိခိုက်သေဆုံးတာ အများအပြားရှိသလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနဲ့ နေအိမ်အများအပြား ထိခိုက်ပျက်စီးတာ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုအခါ ဒေသအများအပြားမှာ မုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေပြီး ပြည်သူတွေဟာ ရေဘေးဒဏ်ကို ကြုံတွေ့ခံစားနေရချိန် တဖက်မှာလဲ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်တဲ့ဒဏ်တွေကို ခံစားနေရတယ်လို့ သိရပါတယ်။