ဇန်နဝါရီလ (၈)ရက်။
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးစကားဟာ အယောင်ပြသာဖြစ်ပြီး လက်တွေ့မှာ အာဏာတည်မြဲဖို့ ပြည်သူကို ပစ်မှတ်ထား သတ်ဖြတ်နေတယ်လို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောခွင့်ရ ဦးနေဘုန်းလတ်ရဲ့ ဒီကနေ့ Press Briefing အစီအစဉ်မှာ ပြောဆိုထားချက်အရ သိရပါတယ်။
“ အကြမ်းဖက်စစ်ကောင်စီက တဖက်မှာ နိုင်ငံတကာထောက်ခံမှုရအောင် ငြိမ်းချမ်းရေးဆိုတဲ့စကားကို အယောင်ပြပြောဆိုနေပြီး တကယ်တမ်း လက်တွေ့မှာတော့ သူတို့အာဏာတည်မြဲဖို့အတွက် ပြည်သူကို ပစ်မှတ်ထား သတ်ဖြတ်နေတယ်ဆိုတာ ပေါ်လွင်နေပါတယ်” လို့ သူက ဆိုပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေဟာ နှစ်သစ်ကူးကာလဖြစ်တဲ့ ရက်တွေမှာ ပဲခူး၊ မန္တလေး၊ ရခိုင်၊ ရှမ်း၊ ကရင်နီ၊ ကချင်နဲ့ ကျန်တိုင်းနဲ့ပြည်တွေမှာ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။
နောက်ပြီး အဲ့ဒီရက်ပိုင်းမှာပဲ စစ်ဘေးရှောင်စခန်းတွေ၊ ဆေးရုံဆေးခန်းတွေ၊ ဝတ်ပြုဆုတောင်းပွဲပြုလုပ်တဲ့ ဘုရားကျောင်းတွေနဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူ (၂၀)ဦးအထိ သေဆုံးခဲ့တယ်လို့လဲ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ အခုနှစ်ထဲ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေကာ လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ နိုင်ငံတွေအနေနဲ့ အားမပေးဘဲ နိုင်ငံရေးဂုဏ်သိက္ခာကို စောင့်ထိန်းဖို့ တိုက်တွန်းထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အလိမ်အညာတွေနဲ့ ဘယ်လိုခြေလှမ်းမျိုး လှမ်းတာဖြစ်စေ NUG အနေနဲ့ ပြည်သူလိုလားတဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ကို မရောက်မချင်း တော်လှန်တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။