(၃)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၇၀)ဦးခန့် သေဆုံးခဲ့
ဇန်နဝါရီလ (၁၆)ရက်။
ဇန်နဝါရီလ (၉)ရက်နေ့ကစပြီး (၁၁)ရက်နေ့အထိ ရေးမြို့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အနီး (၄)မိုင်အကွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ NMSP-AD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ရေးမြို့ စကခ(၁၉)နဲ့ (၄)မိုင်အကွာ ကျုံလောင်းရွာအနီးမှာ စကစတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ (၃)ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ ဒီနေ့အထိလဲ တိုက်ပွဲဖြစ်ပွားနေပါတယ်” လို့ ဆိုပါတယ်။
အဲ့ဒီရက်ပိုင်းထဲ ကျုံးလောင်းရွာအနီးတိုက်ပွဲထဲ စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးအပါအဝင် (၇၀)ခန့် သေဆုံးခဲ့ပြီး (၃၀)ထက်မနည်း ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ရဲဘော် (၃)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး စစ်ကောင်စီတပ်တွေဘက်က နေ့တိုင်း လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတဲ့အပြင် ဇန်နဝါရီလ (၁၁)ရက်နေ့က လေကြောင်းကနေ (၂)ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် စကခ(၁၉)လက်အောက်ခံ ခလရ (၃၁)၊ ခလရ (၆၁)၊ ခလရ (၁၀၆)၊ ခမရ (၂၉၉)၊ ခမရ (၃၄၃)၊ ခမရ (၅၈၆)၊ ခမရ (၅၈၇)၊ ခမရ (၅၈၃)၊ ခမရ (၅၉၁)နဲ့ အမတ (၃၁၆)တို့က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ မွန်နဲ့ ကရင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တော်လှန်ရေးအင်အားစုတွေ ပါဝင်ကာ ဒီကနေ့အထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။