ဖေဖော်ဝါရီလ (၅)ရက်။
ဗန်းမော်မြို့ရှိ စစ်ကောင်စီရဲ့ စကခ(၂၁)အပါအဝင် ကျန်နေသေးတဲ့ တပ်စခန်းတွေကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ မြေပြင်စစ်ရေးသတင်းတွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။
“ ဗန်းမော်မြို့သိမ်းတိုက်ပွဲက အခုဆိုရင် (၂)လတိတိပြည့်ပါပြီ။ စကခ(၂၁)နဲ့ ကျန်နေသေးတဲ့ စကစတပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့ကစတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ မနေ့က ဖေဖော်ဝါရီလ (၄)ရက်နေ့မှာတော့ (၂)လပြည့်သွားပြီဖြစ်သလို တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့ သိရပါတယ်။
“ တိုက်ပွဲက နေ့တိုင်းဖြစ်နေတာ။ စစ်တပ်က လေကြောင်းကော ဒရုန်းနဲ့ကော တော်တော်များများသုံးပြီး ခုခံနေတာ။ မနေ့ကလဲ တနေကုန်နီးပါး ဗုံးကြဲတယ်။ စကခ(၂၁)ဘက်ကတော့ တိုက်ပွဲပိုပြင်းထန်နေတာ။ အနီးကပ်တိုက်ခိုက်တဲ့အနေအထား ရောက်နေပြီ။ ဒီပုံအတိုင်းဆို သိပ်မကြာတော့ဘူး” လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အခုအခါ KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့ထဲရှိ စစ်ကောင်စီရဲ့ အမှတ်(၇၀၀၆)သံချပ်ကာတပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး အခုလ (၂)ရက်နေ့မှာ အမတ(၃၆၆)တပ်ရင်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာပါ။
ဒါ့အပြင် စစ်ကောင်စီရဲ့ တပ်မ(၈၈)တပ်စွဲထားတဲ့ ဗန်းမော်တက္ကသိုလ်နဲ့ ခလရ(၄၇)တပ်စခန်းအပြင် (၆၄၁)တပ်စခန်းတို့ကိုလဲ ထိုးစစ်ဆင်တိုက်ခိုက်နေကာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ဗန်းမော််မြို့သိမ်းတိုက်ပွဲ (၂)လတာထဲ စစ်ဘေးရှောင်ပြည်သူဦးရေ အများအပြားရှိခဲ့သလို စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် နေအိမ်တွေပျက်စီးခဲ့ရကာ မြို့ရဲ့ (၉၀)ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။