ဖေဖော်ဝါရီလ (၁၇)ရက်။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနဲ့ ကလေးမြို့နယ်တောင်ပိုင်ူရှိ ဂန့်ဂေါ-ကလေးလမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဂန့်ဂေါမြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီလမ်းပိုင်းမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲစတင်တဲ့နေ့ကစပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေကို အဆက်မပြတ် ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေကို ကြိုတင်ကာကွယ်ရှောင်ရှားနိုင်ဖို့ ဂန့်ဂေါမြို့နယ်ပကဖက အသိပေးထားပါတယ်။
နောက်ပြီး ပြည်သူတွေ ထိခိုက်သေဆုံးဆုံးရှုံးတာတွေ မရှိစေဖို့အတွက်ကိုလဲ လေကြောင်းသတိပေး ကြေညာချက်တွေကို သတိပြုလိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကလေးမြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ အသံချဲ့စက်တွေ လုံးဝမဖွင့်ဖို့နဲ့ လုံခြုံရေးသတိရှိဖို့ ကလေးမြို့နယ်ပအဖက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲ ကလေးမြို့နယ်တနေရာက ပြည်သူတွေကို မြို့နယ်လူသားစာနာအဖွဲ့က လေကြောင်းရန်ကာကွယ်ဖို့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးတာနဲ့ စစ်ရှောင်တွေအတွက် ဗုံးခိုကျင်းတူးဖော်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အခုလဆန်းပိုင်းကလဲ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားနေအိမ်အပါအဝင် ဆေးပေးခန်းနဲ့ ဘုန်းကြီးကျောင်းတို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
