ဧပြီလ (၇)ရက်။
ရန်ကုန် တိုက်ကြီးမြို့ရှိ စစ်ကောင်စီရဲ့ ကပစ(၁၁)ကို တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီတပ်ဘက်က (၅)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ကပစ(၁၁)က်ို ဧပြီလ (၄)ရက်နေ့က တာဝေးပစ် မစ်ဇိုင်းဒုံး (၃)လုံးနဲ့ ပစ်ခတ်ခဲ့တာနဲ့ပတ်သက်ပြီး မြို့ပြအထူးစစ်ဆင်ရေး(U.S.O)က ဒီကနေ့မှာ နောက်ဆက်တွဲ ထိခိုက်တဲ့အခြေအနေကို ထပ်မံထုတ်ပြန်ထားပါတယ်။
ကပစ(၁၁) မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်မှာ လက်နက်ငယ်စက်ရုံ ပျက်စီးခဲ့သလို ရိက္ခာဂိုဒေါင်နဲ့ ခဲယမ်းဂိုဒေါင် မီးလောင်ပျက်စီးခဲ့တယ်လို့ တပ်ထဲသတင်းပေးတာတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။
နောက်ပြီး စစ်ကောင်စီရဲ့ အရာရှိနဲ့ တပ်သား (၁၆)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ (၅)ဦးသေဆုံးခဲ့တာကို သတင်းမထွက်ဖို့ အချင်းချင်း လုပ်ဆောင်တာတွေနဲ့ လုံခြုံရေးတိုးမြှင့်တာတွေ ရှိတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီက အရပ်ဝတ်တွေမာဖီနဲ့ ပူးပေါင်းပြီး နေရာအနှံ့ ရှင်းလင်းတာတွေ လုပ်ဆောင်နေတာကြောင့် တော်လှန်ပြည်သူနဲ့ တော်လှန်တပ်ဖွဲ့တွေအနေနဲ့ သတိထားလှုပ်ရှားသွားလာဖို့ အသိပေးထားပါတယ်။
ထပ်မံပြီးလဲ မြို့ပြစစ်ဆင်ရေးအရှိန် တိုးမြှင့်သွားမှာဖြစ်တဲ့အတွက် တော်လှန်ပြည်သူတွေအနေနဲ့ ပါဝင်အားဖြည့်ကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
