ဧပြီလ (၉)။
နိုင်ငံရေးပါတီ တည်ထောင်လိုသူတွေအနေနဲ့ မေလ (၉)ရက်နေ့ နောက်ဆုံးထားပြီး လာရောက်လျှောက်ထားကြဖို့ စစ်ကောင်စီက ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
နိုင်ငံရေးပါတီတခု တည်ထောင်လိုသူ အနည်းဆုံး (၁၅)ဦးက နိုင်ငံရေးပါတီတွေ မှတ်ပုံတင်တဲ့ဥပဒေ ပုဒ်မ (၃) ပုဒ်မခွဲ(က)နဲ့အညီ တည်ထောင်ခွင့်တွေ လျှောက်ထားလာတဲ့အပေါ် စိစစ်ခွင့်ပြုနေတယ်လို့ ဆိုပါတယ်။
အခုအခါ စစ်ကောင်စီအနေနဲ့ ဒီဇင်ဘာလထဲ ရွေးကောက်ပွဲ ကျင်းပသွားမှာဖြစ်တဲ့အတွက် ပါတီတည်ထောင်တာနဲ့ မှတ်ပုံတင်တာ၊ ပါတီတွေပူးပေါင်းပြီး ပါတီတခုထဲအနေနဲ့ တည်ထောင်တာတို့ကို ရွေးကောက်ပွဲအမီ ဆောင်ရွက်နိုင်ဖို့ဆိုပြီး အသိပေးထားတာပါ။
နောက်ပြီး နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းနဲ့ မဲဆွယ်စည်းရုံးတာတို့ကို ဆောင်ရွက်နိုင်ဖို့ အချိန်လုံလောက်စွာ ရရှိဖို့အတွက် အခုလို အသိပေးတာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ အခုနှစ်ကုန် ဒီဇင်ဘာလနဲ့ ၂၀၂၆ခုနှစ် ဇန်နဝါရီလတို့မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပြင်ဆင်နေသလို ရွေးကောက်ပွဲကို အပိုင်း (၄)ပိုင်းခွဲကာ ပြုလုပ်သွားဖို့ စီစဉ်နေတာပါ။
အခုအချိန်အထိ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ စုစုပေါင်း (၅၆)ပါတီအထိရှိပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
