ဇွန်လ (၂၁)ရက်။
နောင်ချိုမြို့နယ်ထဲရှိ ကျေးရွာ (၇)ရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေဟာ နောင်ချိုမြို့ရှိ လက်ပံကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွေသွန်း၊ လုံဝယ်၊ အုမ္မသီးနဲ့ ဆမ္မဆယ်ရွာတို့မှာ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က လက်နက်ကြီး (၁၄၄)လုံးအပြင် ဒရုန်းနဲ့ ဗုံး (၃၁)လုံး ကြဲချတိုက်ခိုက်ခဲ့ကာ ထိခိုက်ပျက်စီးတဲ့အခြေအနေကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။
နောက်ပြီး မနေ့က နံနက်ပိုင်းအချိန်က ရေမောင်းတန်းနဲ့ ရွှေညောင်ပင်ရွာကြားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲထဲ စစ်ကောင်စီတပ်က လက်နက်ကြီး (၄၁)လုံး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံး (၆)လုံးနဲ့ ဗုံး (၄၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုအခါ ညီနောင်(၃)ဖွဲ့က တဖက်သတ် အပစ်ရပ်ကာလကို သက်တမ်း(၁)လ ထပ်တိုးထားချိန် စစ်ကောင်စီက အခွင့်ကောင်းယူပြီး အဆက်မပြတ် ထိုးစစ်ဆင်နေတာကြောင့် နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ TNLA က ပြောဆိုထားပါတယ်။
ပြည်သူတွေအနေနဲ့လဲ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
