ဇူလိုင်လ (၁၅)ရက်။
စစ်ကောင်စီတပ်ဆီမှာ အဓမ္မစုဆောင်းခံရတဲ့ လူငယ်တွေအနေနဲ့ အလင်းဝင်ဘက်ပြောင်းချင်ရင် အသက်နဲ့ လုံခြုံရေးကို အာမခံတယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မြန်မာပြည်အနှံက လူငယ်တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းတာကို ခံရပြီး အမျိုးမျိုး ညှင်းပန်းနှိပ်စက်တာကို ခံနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်မှုမထမ်းမနေရဥပဒေကို ခုတုံးလုပ်ပြီး နိုင်ငံအနှံ့က လူငယ်တွေကို အတင်းအဓမ္မ စစ်သားစုဆောင်းကာ တိုက်ပွဲဖြစ်ပွားတဲ့ ရှေ့တန်းစစ်မြေပြင်တွေကို ပို့ဆောင်တာ၊ စစ်အင်အားဖြည့်တာနဲ့ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့ စိတ်ဆန္ဒမပါဘဲ အစတေးခံ၊ အဖြည့်ခံတွေအနေနဲ့ ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ရှေ့တန်းစစ်မြေပြင်ကို အတင်းအဓမ္မ ပို့ဆောင်ခံရတဲ့ စစ်ကောင်စီရဲ့ တပ်သားသစ် ဒါမှမဟုတ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်လိုစိတ်မရှိဘဲ အခြေအနေပေးရင် နီးစပ်တဲ့ တိုင်းရင်းသားလူမျိုးတော်လှန်ရေးအဖွဲ့တွေဆီ ဘက်ပြောင်းခိုလှုံဖို့ ကြိုးစားလာတယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး စစ်ကောင်စီဟာ မြန်မာပြည်အနှံ့မှာ စစ်ရှုံးပြီး စခန်းပေါင်းမြောက်မြားစွာကို လက်လွှတ်ဆုံးရှုံးထားပြီးနောက် အဲ့ဒီစခန်းတွေ၊ မြို့တွေကို ပြန်လည်ရရှိဖို့ အသည်းအသန် ကြိုးစားနေတယ်လို့ AA က ပြောဆိုထားပါတယ်။
ဒါပေမယ့် အရင်နှစ်တွေကအတိုင်း စစ်ကောင်စီတပ်ဟာ နေရာအများစုမှာ အထိအခိုက် အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရပြီး လက်ပူတိုက် သင်တန်းပေးထားတဲ့ တပ်ဖွဲ့ဝင်တွေဟာ အထက်တပ်မှူးတွေရဲ့ အနိုင်ကျင့် ညှင်းပန်းနှိပ်စက်တာတွေကြောင့် တိုက်ခိုက်လိုစိတ်မရှိဘဲ နေ့တိုင်း တပ်ကနေ ထွက်ပြေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် AA ရဲ့ ထုတ်ပြန်ချက်ထဲ ဇူလိုင်လ (၉)ရက်နေ့က အမ်း-ပဒါန်း စစ်မြေပြင်ကနေ အလင်းဝင်လာတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ရဲ့ ထွက်ဆိုချက်မှတ်တမ်းတွေကိုလဲ ထည့်သွင်းဖော်ပြထားတယ်လို့ သိရပါတယ်။
