နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်

ဆောင်းပါးများ

ဆောင်းပါးများ မြန်မာသတင်း

NRA ဖွဲ့စည်းပေါ်ပေါက်လာပုံအပေါ် ကျနော့်သဘောထား

နွေဦးတော်လှန်ရေးစတင်ပြီးနောက် ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအစုအဖွဲ့တွေ အများအပြား ရှိလာခဲ့ရာက NLD အမတ်တွေ စုဖွဲ့ထားတဲ့ NUG ပေါ်လာတယ်။ ပြည်သူတွေက တခဲနက် အားပေးခဲ့ကြတယ်။ NUG က PDF တွေ ပသုံးလုံးတွေ ဖွဲ့တယ်။ တိုက်ပွဲတွေ ဖြစ်လာတယ်။ ဒါပေမဲ့ တိုက်ပွဲအများအပြားက ဒေသခံအဖွဲ့တွေက ရှိတာလေးနဲ့ ပစ်ပြေးပြေးနေရတဲ့ ပျောက်ကျား တိုက်ပွဲတွေ အဝေးကနေ မိုင်းဆွဲတိုက်ရတဲ့တိုက်ပွဲတွေကသာ ကြီးစိုးနေခဲ့တယ်။ NUG ကာဝန်က သူ့လက်အောက်မှာ PDF တပ်ရင်း ၂၅၈ ရင်းရှိပြီး မြို့နယ်ပေါင်း ၂၅၀ မှာ ပကဖတပ်ရင်းပေါင်း ၄၀၀ ကျော်ရှိတယ်လို့ ကြေညာခဲ့တယ်။

ပြည်တွင်း ပြည်ပ ပြည်သူတွေက လက်နက်ကိုင်တိုက်ပွဲမှတပါး အခြားမရှိပြီဆိုပြီး ရှိတာတွေကို ချမ်းသာသူတွေကလည်း ချမ်းသာတဲ့အလျောက် ဆင်းရဲသူတွေကလည်း ရှိသမျှလုပ်အားကရတဲ့ ငွေတွေကို ထည့်ဝင်လှူဒါန်းခဲ့ကြတယ်။ ဒါပေမဲ့အချိန်သာကုန်လာတယ် ဟိုနားဖျောက်စိတ် ဒီနားဖျောက်စိတ်ကလွဲလို့ ဘာမှ လောက်လောက်လားလား ဖြစ်မလာဘူး။ တော်လှန်ရေး ရန်ပုံငွေတွေ ကတော့ ဒေါ်လာသန်းချီပြီးရလာတယ် တပ်ရင်းတွေ လက်နက်တပ်ဆင်တာတွေလုပ်တဲ့အခါ တပ်ရင်းတရင်းကို ၅လက် ၁၀လက်ထက် ပိုမတပ်ဆင်နိုင်ဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက ခေါင်းဆောင် တွေကို အစိုးရအဖွဲ့ထဲမှာ ပါအောင်မစည်းရုံးနိုင်သလို ကိုယ့်အောက်မှာ မရှိတဲ့အဖွဲ့တွေကိုလည်း မစည်းရုံးနိုင်ဘူး မစည်းရုံးတဲ့ အပြင် ကိုယ့်အဖွဲ့ဝင်တွေကို မဆက်ဆံဖို့ စာထုတ်တဲ့အထိ ခြံခတ်တော်လှန်ရေးလုပ်တယ်၊ ဘုံရန်သူတိုက်နေသူ အချင်းချင်း တော်လှန်ရေးကို အားကောင်းလာစေမဲ့ စည်းရုံးခြင်း၊ ပေးကမ်းခြင်း၊ ကူညီအားပေးခြင်း၊ သဘောထားကြီးခြင်း တွေနဲ့ မသွားဘဲ ငါ့အောက်မဝင်သူ ငါ့ရန်သူအဖြစ် သဘောထားခဲ့ပြီး ဒီသဘောထားကို အောက်ခြေကအစ ကျင့်သုံး စေခဲ့တယ်။

၁၀၂၇ စစ်ဆင်ရေးစတင်လာပြီးမြောက်ပိုင်းမဟာမိတ်ညီနောင် ၃ဖော်ရှမ်းမြောက်မှာ စတိုက်ပြီးအောင်ပွဲတွေ ရလာတော့မှ တော်လှန်ရေးက ပြန်နိုးကြားသလို ဖြစ်လာခဲ့တယ်၊ ရှမ်းမြောက်ကညီနောင်တွေ တရုတ်ဖိအားကြောင့် နောက်ပြန်ဆုတ် သွားတဲ့အခါ ရခိုင်ဖက်ကလွဲလို့ ကျန်နေရာတွေ အင်နဲ့အားနဲ့တိုက်တာမတွေ့ရတော့ဘူး။ လူတွေက တွေးလာ တယ် NUG ဘာလုပ်နေလဲ တကယ်တိုက်မှာလား PDFတပ်ရင်း ၂၀၀ ကျော်ဘယ်မှာလဲ မေးလာကြပြီ။ တိုက်ချင်စိတ်ကော ခေါင်းဆောင် လုပ်တဲ့ သူတွေမှာ ရှိရဲ့လားလို့ လွန်ခဲ့တဲ့ ၂ နှစ်ကျော် ၃ နှစ်ကစလို့မေးလာတယ်၊ ကျနော်ကိုယ်တိုင်လည်း မေးခွန်းထုတ် ခဲ့တယ်။ ကျနော်၊ ကိုထွန်းကြည်၊ ဦးကြီးမြင့်၊ ဦးသန်းစိုးနိုင်၊ ကိုမျိုးထိုက်တန်သိန်းတို့ ဦးဟန်ရှင်ဝင်းတို့ NUG ကို လုပ်သင့်တာ လုပ်ဖို့တွန်းခဲ့ကြတယ်။ အပြုသဘော ဝေဖန်ခဲ့ကြတယ် တော်လှန်‌ရေးကို အောင်မြင်စေချင်တဲ့စိတ်နဲ့ ပြုပြင် သင့်တာတွေကို အမုန်းခံထောက်ပြခဲ့ကြတယ်၊ NUGကိုပြုပြင်ဖို့ တိုက်တွန်း ခဲ့ကြတယ် မအလက ရွေးကောက်ပွဲကို စိုင်းပြင်နေပြီ။ NUG ကို ပြုပြင်မယ်ဆိုတာ ယာယီသမတ ဒူးဝါးကြီးက ပြောနေတာကြာလှပေါ့။

နောက်တပ်ပေါင်းစုဖွဲ့ဖို့ တိုက်တွန်းတာလဲ အခုထိ ဘာမှဖြစ်မလာတဲ့အခါ NRA ကို ဦးစိုးသန်းနိုင်တို့ မျိုးထိုက်တန်သိန်းတို့ လူမြတ်ကျော်တို့က စုဖွဲ့မှု လုပ်လာတယ်။ ဒီအချိန်မှာအားလုံးလှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ် စစ်အုပ်စုကတော့ တော်လှန်ရေး အုပ်စုတွေ အတွင်းပြိုကွဲမှုဖြစ်လို့ ကြိုက်တယ် ငြိမ်နေတယ် အမှန်တော့ ပြိုကွဲတာမဟုတ်ဘူး။ ပြန့်ကျဲနေတဲ့ တော်လှန်ရေး အစုအဖွဲ့တွေကို consolidate ပေါင်းစည်းဖို့ ကြိုးစားတာလို့မြင်မိတယ် NUGကိုအားမလိုအားမရဖြစ်လာလို့ တော်လှန်ရေး ကျဆုံးမှာစိုးလို့ သူတို့တတ်နိုင်တဲ့ဝန်ကို ဝင်ထမ်းကြတာလို့မြင်တယ် ။ ဒါပေမဲ့ NUGထောက်ခံတဲ့ အုပ်စုက အတော့်ကို အထိတ်တလန့်ဖြစ်ပြီး ဝိုင်းတိုက်ခိုက်ကြတာ တွေ့ရတယ်။အပြိုင်ဖျာဝင်ခင်းတယ်ဆိုပြီးအပုတ်ချသူကချတယ်၊ NUGကိုအပြိုင်ဖြစ်လာမှာ အောင်မြင်လာမှာကိုစိုးရိမ်ကြပုံရတယ်။ NRA မှာ ကျနော်မပါပါဘူး သူတို့ဆွေးနွေးနေတာကို ကြားတယ်၊ နောက်ပိုင်းမှာ အသိပေးလာတယ်။ ဒါပေမဲ့ အစုအဖွဲ့နဲ့လုပ်ရတဲ့ လုပ်ငန်းတွေကို စိတ်ကုန်နေတာကြောင့် ဘယ်အဖွဲ့မှ မပါဘဲ ကိုယ်တွေးမိတာ ကိုယ်ကမတရားဘူး ထင်တာတွေ့ရင် ရေးတာပြောတာတွေကို လွတ်လွတ်လပ်လပ် လုပ်ချင်တာကြောင့်ပါ။ အခုလည်း ကျနော်မြင်တာကို ရေးတာပါပဲ။

ပထမ NRA ရည်ရွယ်ချက်က ဘာလဲ။

NRAက ပြန့်ကျဲနေတဲ့ တော်လှန်ရေးအဖွဲ့တွေကို ညီညွတ်တဲ့ တပ်ပေါင်းစုတခုပေါ်နိုင်ဖို့ ရည်ရွယ်တယ်ဆိုတော့ ကောင်းတဲ့ရည်ရွယ်ချက်ပါ။ ကျနော်တို့ NUG ကို အကြိမ်ကြိမ် တိုက်တွန်းခဲ့တယ်။ တပ်ပေါင်းစုကို ဦးဆောင်ဖွဲ့ပါလို့ ဒါပေမဲ့သူတို့က တုတ်တုတ်တောင်မလှုပ်ဘူး အခု ဦးသန်းစိုးနိုင်က ဦးဆောင်ပြီး တပ်ပေါင်းစုဖွဲ့မယ်ဆိုတော့ ဖွဲ့ပစေပေါ့ သူတို့ကကြိုးစားနိုင်လို့ဖောက်ထွက် ဖြစ်လာရင် တော်လှန်ရေးအတွက် တအားပေါ့ တပ်ပေါင်းစုဖွဲ့နိုင်ခဲ့ရင် စစ်အနိုင် တိုက်နိုင်တော့မှာပေါ့။ ဒါကို ဘာများ စိုးရိမ် နေကြတာလဲ။

NUG မလုပ်နိုင်ရင် သူတို့လုပ်မယ်ဆိုတဲ့သူတွေ လုပ်တာကို အားမပေးချင်ရင် စောင့်ကြည့်ကြပေါ့ အားပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဒါက စစ်ကောင်စီကို သွားပေါင်းဖို့ ဖွဲ့တာမှမဟုတ်ဘဲ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ဖွဲတာဘဲ ဘုံရန်သူကို တိုက်ဖို့ ကြိုးစားကြတာပဲလေ။ ဘာဖြစ်လို့ ဝေဖန်တိုက်ခိုက် နေကြတာလဲ သူတို့အောင်မြင်လာရင် တော်လှန်ရေးအတွက် တအား မဖြစ်ဘူးလား။ အဓိကတော်လှန်ရေး အင်အားစုတွေညီညွတ်လာရေး ညီညွတ်တဲ့တပ်ပေါင်းစုကြီးတခု ပေါ်ပေါက်လာရေးပဲ မဟုတ်လား။

ကိုသက်ထွေးနိုင်ရဲ့ ဦးသန်းစိုးနိုင် အင်တာဗျူးကို ကြည့်ရင် သူတို့အနေနဲ့ ဇိမ်မခံဘူး၊ လစာမယူဘူး NUG အပါအဝင် တော်လှန်‌ရေး အင်အားစုအားလုံးကို မိတ်ဖက်မဟာမိတ်အဖြစ်ဆက်ဆံမယ်ဆိုထားတယ်။ သူတို့က NUG ကို တိုက်ခိုက်နေမှာလဲ မဟုတ်ဘူးသူတို့အလုပ်သူတို့လုပ်ကြမှာ။ တကယ်လို့ NUG လက်အောက်ခံတပ်တွေက နှောက်ယှက်လို့ ပဋိပက္ခဖြစ်ရင်လည်း မိတ်ဖက်ပဋိပက္ခပဲ ဖြစ်ရမယ်လို့ အခိုင်အမာ ပြောထားတယ်။

တော်လှန်‌ရေးထဲမှာ ထဲထဲဝင်ဝင် ဖြတ်သန်းခဲ့ကြတဲ့သူတွေ မှိန်းစားသူတွေ ပေါင်းစားလာသူတွေ မဟုတ်တဲ့အတွက် တိုင်းရင်းသားတွေက နားလည်သဘောပေါက်ပြီး ကူညီလာမယ်ဆိုရင် ဝမ်းသာစရာပါ။ NRA က စစ်အာဏာရှင်ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်မယ်လို့ ပြောထားတယ်။ သူတို့ ရည်ရွယ်ချက်တွေက ကောင်းတယ်။ သူတို့က ရဲရဲတင်းတင်း NUG မလုပ်နိုင်တာကို သူတို့ကစပြီး လုပ်ကြည့်ဖို့ ခြေလှမ်းစယုံပဲ ရှိသေးတာကို တိုက်ခိုက်တာဟာ မင်းအောင်လှိုင် အကြိုက်လုပ်တာနဲ့ အတူတူပဲ။ ဒါကြောင့် သူတို့ ဘယ်လောက် စည်းရုံးနိုင်မလဲဆိုတာကို စောင့်ကြည့် အားပေး သင့်တယ် ဝေဖန်အပုတ်ချနေမဲ့အစားပေါ့။

အတိတ်ကအကြောင်းကို သုံးသပ်ကြည့်ခြင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးကို ၁၉၆၂ခုနှစ် ရန်ကုန်ကျောင်းသား သပိတ်ကနေစခဲ့ကြပေမဲ့ လက်နက်ကိုင် တော်လှန်ရေးကို လူထုက အာရုံမရခဲ့ကြဘူး လွတ်လပ်ရေးရခါစကစပြီး ၁၉၄၈ ခုနှစ်ကစတင် တော်လှန်ပုန်ကန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဗမာပြည်ကွန်မြူနစ်တွေသာ ရှိနေခဲ့ကြတယ်။ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခံလိုက်ရတဲ့ ဝန်ကြီးချုပ်ဦးနုက ၁၉၆၉ ခုနှစ် ၈ လ ၂၇ ရက်နေ့မှာ သူသာ တရားဝင် ဝန်ကြီးချုပ်ဖြစ်ကြောင်း လန်ဒန်မှာကြညာခဲ့တဲ့ ပထမဆုံး အဝေးရောက်အစိုးရဖြစ်ခဲ့ပြီး လက်နက်ကိုင်တိုက်ပွဲကို စဖော်ဖို့ ၁၉၇၃ ခုနှစ်မှာ ထိုင်းမြန်မာနယ်စပ်ကို ထွက်ခဲ့ပြီး နေဝင်းစစ်အစိုးရကို ပုန်ကန်ခဲ့တယ်။ စစ်ဦးစီးချုပ်ဖြစ်ခဲ့သူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၊ စာ‌ရေးဆရာလည်းဖြစ် ပျောက်ကျားခေါင်းဆောင်လည်းဖြစ်တဲ့ ရန်ကုန်ဘဆွေ၊ ကျိုက်မရောဦးသွင်၊ ဝန်ကြီးဦးဝင်း၊ ဦးတင်မောင်ဝင်း၊ ဦးရဲကျော်သူ၊ နေးရှင်းသတင်းစာဆရာ ဦးလောရုံ၊ စိန့်သြဂတ်စတင်း (ယခု အထက၂ ကမာရွတ်)၊ ကျောင်းအုပ်ကြီး မစ္စတာ တော့ (Todd) တို့ပါသလို အိန္ဒိယ ဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီကလည်း ငွေကြေးပုံအောကူညီခဲ့တယ်။ အမေရိကန်ကလည်း ထိုင်းကတဆင့် လက်နက်အသစ်တွေ ပေးခဲ့တယ်။ ဒါပေမဲ့ ပြည်သူက စစ်အုပ်စုကို မကြိုက်ပေမဲ့ စိတ်နာလောက်တဲ့အထိ မရှိသေးဘဲ သည်းခံနိုင်မှု ဘောင်အတွင်းမှာပဲ ရှိနေခဲ့တယ်။ ဒါကြောင့် ဦးနုတို့ လက်နက်ကိုင်‌တော်လှန်‌ရေးဟာ နိုင်ငံခြားတိုင်းပြည်ကြီး ၂ ခုက ထောက်ခံခဲ့ပေမဲ့ ပြည်သူ့ထောက်ခံမှု မရှိခဲ့တဲ့အတွက် မအောင်မြင်ခဲ့ဘူး။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးရေးတော်ပုံကြီးမှာမှ လူငယ်တွေက လက်နက်ကိုင် တော်လှန်မှ ရမယ်ဆိုပြီး စတွေးပြီးလုပ်ခဲ့ကြတာဖြစ်တယ်။ ဘာကြောင့် ဒီလိုတွေးခဲ့သလဲဆိုရင် ၁၉၆၂ ဆဲဗင်းဂျူလိုင်အရေးအခင်း၊ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၅ ဂျွန်အရေးအခင်း (ရွှေတိဂုံဘုရားပေါ်မှာ သပိတ်မှောက်ကျောင်းသားတွေကိုဖမ်းခဲ့လို့ ရွှေတိဂုံအရေးအခင်းလို့လည်း ခေါ်ကြတယ်)။ ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်းတွေမှာ ကျောင်းသားတွေက ရန်ကုန်မြို့မှာပဲ ဦးဆောင်လှုပ်ရှားပြီး ရန်ကုန်မှာတင် ပြီးသွားခဲ့ကြလို့ ဖြစ်တယ်။ တတိုင်းပြည်လုံးကို မကူးဆက်ခဲ့ဘူး။

နေဝင်းရဲ့ စစ်တပ်ဦးစီးတဲ့ တစ်ပါတီဆိုရှယ်လစ်စနစ် အုပ်ချုပ်မှုအောက်မှာ လူမွဲနိုင်ငံဖြစ်သွားတာ။ စာပေထုတ်ဝေခွင့်တွေ၊ အနုပညာသည်တွေရဲ့ ဖန်တီးခွင့်တွေ၊ စီးပွားရေး လုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းတာ၊ ကျောင်းတွေကို ပြည်သူပိုင်သိမ်းတာ၊ နိုင်ငံခြားဘဏ်တွေကိုပိတ်ပစ်တာ၊ ငွေစက္ကူတွေကို ရိုက်နှိပ်ပြီး တရားမဝင် ကြေညာပစ်တာ လျှော်အောင်လုပ်တာ ပြည်တွင်း ကုန်ထုတ်လုပ်မှုတွေ ဒလဟောကျဆင်းလာတာ၊ နိုင်ငံရေးပါတီတွေကိုဖျက်သိမ်းပစ်တာ၊ လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားထုတ်ဝေခွင့်တွေ ပိတ်ပစ်တာ၊ ဒီမိုကရေစီ အခွင့်အ‌ရေးတွေ ဆုံးရှုံးသွားတာ။ ပြည်သူတွေမှာ ဘာလုပ်ကိုင်ခွင့်မှ မရှိတော့တာ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေ နိမ့်ကျလာတာ လူတွေ ဆင်းရဲကြပ်တည်းလာပြီး အရှေ့တောင်အာရှမှာ ဆန်ရေစပါး အထွက်ဆုံးနိုင်ငံမှာ ဆန်ပြဿနာကြုံရတာတွေအားလုံး ပေါင်းစပ်ပြီး ၁၉၈၈ ခုနှစ်မှာ မကြုံစဖူး လူထုအုံကြွမှုကြီး တပြည်လုံး အတိုင်းအတာနဲ့ ဖြစ်လာခဲ့တယ်။ လူတွေဟာ ချုပ်ချယ်မှုတွေ များလွန်းလို့ မွန်းကြပ်နေကြပြီ မခံနိုင်တော့တဲ့အဆုံးမှာ ရှစ်လေးလုံးဆိုပြီး ပြည်လုံးကျွတ်ပေါက်ကွဲလာခဲ့ ဖြစ်လာခဲ့တာ ဖြစ်တယ်။ ကျောင်းသား လူငယ်တွေက တပြည်လုံး ဆန္ဒပြခဲ့တာကို လက်နက်နဲ့ အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အခါ ပြည်သူအားနဲ့ လက်နက်ကိုင်တိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီး လက်နက်ကိုင်ဖို့ တောထဲကိုထွက်ခဲ့ကြတယ်၊ ABSDF ပေါ်လာတယ်။

ဒါပေမဲ့ စစ်တပ်က ပါးနပ်စွာ ရွေးကောက်ပွဲ လုပ်ပေးမယ်၊ နိုင်တဲ့ပါတီကို အာဏာလွှဲပေးမယ်ဆိုတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်တို့က ပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်လိုက်တဲ့အတွက် လူထုအာရုံက လက်နက်ကိုင် တော်လှန်ရေးထက်‌‌ ရွေးကောက်ပွဲကို အားပေးတဲ့ဖက်ကို ရောက်သွားစေခဲ့တယ်။ ဒါကြောင့် ဒီအချက်က ကျောင်းသားတွေရဲ့ လက်နက်ကိုင်လမ်းစဥ်မအောင်မြင်ခဲ့တာကလည်း အရေးကြီးတဲ့ အချက်တခု ဖြစ်ခဲ့တယ်။
အခု ရှစ်လေးလုံးကလိုပဲ တပြည်လုံးအတိုင်းအတာနဲ့ အုံကြွပြီး စစ်အာဏာရှင်စနစ် မြန်မာ့မြေကနေ ပျောက်ကွယ်သွားအောင် တိုက်နိုင်ဖို့ ဒုတိယအကြိမ် အခွင့်အရေး ရလာခဲ့ပြန်တယ်။ လူထုက တာဝန်ကျေတယ်။ လက်နက်ကိုင်တိုက်ပွဲကို အားပေးခဲ့တယ်၊ ငွေတွေလှူခဲ့ကြတယ်၊ တိုင်းရင်းသားတွေက ညီနောင်တွေဖွဲ့ပြီး တိုက်ကြတယ်။ လူထုထောက်ခံမှု အပြည့်အဝ ရသလို ပြည်တွင်းပြည်ပက ပြည်သူတွေက မကြုံစဖူး ရက်ရက်ရောရော ထောက်ပံ့ခဲ့ကြတဲ့အတွက် ငွေ ကြေးလည်း လိုသလောက် ရရှိခဲ့ကြတယ်။ ဒါပေမယ့် ၄ နှစ်သာကျော်လာတယ်။ တော်လှန်ရေးက အောင်မြင်မလာဘူး။ တော်လှန်ရေး အီနေခဲ့တယ်။

NUG ဘာတွေ မှားနေလဲ?

NUG က အရွေ့ကို မပြနိုင်ဘူး။ ခေါင်းဆောင်ပိုင်း ယူထားသူတွေ ပြည်ပကနေ လေနဲ့တိုက်နေတာကြောင့် အောက်ခြေမှာ ဘာတွေ ဖြစ်ပျက်နေတယ် ဘာတွေမှားနေလဲ မသိတဲ့အတွက် မပြုပြင်နိုင်ဘူး ရန်ပုံငွေတွေ သန်းချီရနေတာက တော်လှန်ရေး လက်နက်ကိုင်တပ်တွေအတွက်ဖြစ်မလာဘူး တော်လှန်ရေးအတွက် ပုံမအောခဲ့ဘူး၊ စစ်တိုက်ကြမဲ့အစား ပသုံးလုံးက အကောက်ခွန်ကောက်ပြီး တစတစ စီးပွားရေးသောင်းကျန်းလာခဲ့သလို သစ်တောတွေ အရှိန်အဟုန်နဲ့ပြုန်းတီးလာခဲ့တယ်။ သက်ဆိုင်ရာဝန်ကြီးအဖွဲ့တွေနဲ့ ဝေစားမျှစား စီးပွားရေးသမားတွေ အခွင့်အရေးသမားတွေအသွင် ပြောင်းလာတယ်၊ ကာဝန်အောက်ကလူတွေက လက်နက်ပွဲစားတွေဖြစ်လာတယ်။ လက်နက်တွေကို တကယ်တိုက်နေတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကို‌ ဈေးတင်ရောင်းတယ်၊ တကယ်တော်လှန်ချင်တဲ့သူတွေထံ လက်နက်မရောက်အောင် လုပ်တာနဲ့အတူတူ လုပ်ရပ်ပါဘဲ။ လူထုကို အနိုင်ကျင့်လာတယ်။ တပ်ရင်းမှူးဆိုသူကမုဒိန်းမှုကျူးလွန်တယ်၊ မူးယစ်ဆေးဝါးရောင်းဝယ်တာတွေ ကိုယ်တိုင်လုပ်လာကြတယ်။ လူထုထောက်ခံမှုတွေ ကျဆင်းတာတင်မက ယုံကြည်မှုပါ မဲ့လာတာကို NRA အောက်က ကွန်မင့်တွေ ဝင်ကြည့်ရင် သိနိုင်ပါတယ်။ NRA ကို ၉၅% က ထောက်ခံအားပေးနေတာကို တွေ့ရမှာပါ။

အဓိကဆိုးဝါးချက်ကNUG ကိုမျက်စိမှိတ်ထောက်ခံနေကြတာပါ ကိုယ့်ခံယူချက်နဲ့ကိုယ်ဆိုပေမဲ့အမှားလုပ်နေတာတွေ၊ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို တော်လှန်ရေးအကျိုးအတွက်ထောက်ပြဝေဖန်သူတွေကို အမျက်ဒေါသနဲ့ဝိုင်းတိုက် ယုံတင်မက အဖျက်သမား၊ ဒလန်၊ မနာလိုသူတွေလို့ အပုတ်ချဝိုင်းတိုက်ကြတဲ့ အဝေဖန်မခံနိုင်တဲ့ အုပ်စုကြီးရှိနေတာပါ ဒီအုပ်စုထဲမှာ ဝေဖန်ထောက်ပြမှုတွေကို ဆန်းစစ်လေ့လာနိုင်တဲ့သူတွေပါပေမဲ့ အဲဒီသူတွေကိုယ်တိုင်က အဝေဖန်မခံနိုင်တဲ့ အဖြစ်ကို ရောက်နေခဲ့တာကြောင့် မှားပြီးရင်း ဆက်မှားဖို့ သူတို့ကိုယ်တိုင်က ဖန်တီးအားပေးနေတာကို အသိခေါက်ခက် အဝင်နက်နေကြတာပဲ ဖြစ်ပါတယ်။ NUG ကတော်လှန်ရေးကို ဦးမဆောင်နိုင်တော့ဘူးဆိုတာထင်ရှားလာပေမဲ့ လက်မခံနိုင်ဘဲ NUG ကိုသာ မျက်စိမှိတ်ထောက်ခံနေရမယ်ဆိုတဲ့ အစွဲမကျွတ်တာလို့ပဲ စိတ်မကောင်းစွာမြင်နေရပါတယ်။


ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေစကြိုမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၅)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 6 Views
စက်တင်ဘာလ (၁)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲဝန်းကျင်က ရေစကြိုမြို့ ရေလယ်ကျွန်းဒေသရှိ ငတရော်ရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက
မြန်မာသတင်း

တရုတ်သမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ်တို့က မင်းအောင်လှိုင်ရဲ့ ရာဇဝတ်မိတ်ဖက်တွေလို့ Justice for Myanmar ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 7 Views
စက်တင်ဘာလ (၁)ရက်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ဟာ စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ရဲ့ ရာဇဝတ်မိတ်ဖက်တွေလို့ Justice for Myanmar(JFM)က ဒီကနေ့မှာ
မြန်မာသတင်း

စစ်ကောင်စီရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ဦးစိုးထက်ကို NLD က ပါတီကနေထုတ်ပယ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 7 Views
စက်တင်ဘာလ (၁)ရက်။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ဦးစိုးထက်(ခ)ဆလိုင်းမဲလုကို ပါတီကနေ ထုတ်ပယ်လိုက်တယ်လို့ NLD ပါတီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဦးစိုးထက်(ခ)ဆလိုင်းမဲလုဟာ NLD ပါတီ ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နဲ့ ပလက်ဝမဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး
မြန်မာသတင်း

မင်းလှမြို့ရှိ ကြံ့ခိုင်ရေးပါတီရုံး မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 6 Views
ဩဂုတ်လ (၃၀)ရက်။ မနေ့က ည (၇)နာရီ (၂၀)မိနစ်အချိန်က မင်းလှမြို့ ဗိုလ်ရုံတန်းရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီရုံးကို မိုင်းခွဲခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဗိုလ်ရုံတန်းရပ်ကွက်က ကြံ့ခိုင်ရေးပါတီရုံးရဲ့ ဝင်ပေါက်အနီးကို မိုင်းခွဲခဲ့တာ။ အဲ့ဒီမှာ
မြန်မာသတင်း

အသက်မပြည့်သေးတဲ့သူတွေကို စစ်မှုထမ်းခွင့်မပြုဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 9 Views
ဩဂုတ်လ (၃၀)ရက်။ အသက်(၁၈)နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေကို ကာကွယ်ရေးတပ်ဖွဲ့တွေမှာ ဝင်ရောက်တာဝန်ထမ်းဆောင်တာ မရှိစေဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အသက်မပြည့်တဲ့ ကလေးငယ်တွေ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေမှာ ပါဝင်လာရင် သတ်မှတ်စည်းမျဉ်းစည်းကမ်းနဲ့ စိစစ်ပြီး
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ စစ်သင်္ဘောတစီး ပစ်ခတ်ခံရပြီး မီးလောင်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 7 Views
ဩဂုတ်လ (၃၀)ရက်။ မနေ့က ညနေပိုင်းအချိန် မာ‌န်အောင်ကျွန်းနဲ့ ရမ်းဗြဲကျွန်းကြားမှာ စစ်တပ်ရဲ့ စစ်သင်္ဘောတစီးကို AA က ပစ်ခတ်ခဲ့တယ်လို့ ဒေသထဲသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ဖြစ်တာက မနေ့က ညနေ (၅)နာရီကျော်လောက်၊ မာန်အောင်ကျွန်းနဲ့ ရမ်းဗြဲကျွန်းကြားမှာ
မြန်မာသတင်း

ဂုတ်ထိပ်တံတားနဲ့ အနီးတဝိုက်ကို ပြန်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 6 Views
ဩဂငတ်လ (၃၀)ရက်။ ဩဂုတ်လ (၂၉)ရက်နေ့က ဂုတ်ထိပ်တံတားနဲ့ အနီးတဝိုက်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNLA ထိန်းချုပ်ထားတဲ့ ဂုတ်ထိပ်တံတားနဲ့ အနီးတဝိုက်ကို ပြန်ရဖို့ စစ်တပ်က စစ်ကြောင်း (၂)ကြောင်းခွဲပြီး တိုက်ခိုက်ခဲ့ရာ
မြန်မာသတင်း

ရဲတပ်ဖွဲ့ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများနှင့် အင်ဒိုနီးရှားတစ်ဝှမ်းတွင် တင်းမာမှုများ မြင့်တက်လာခြင်း။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 17 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁ရက် ဂျကာတာ၊ အင်ဒိုနီးရှားAPသတင်း။  အင်ဒိုနီးရှားနိုင်ငံ တစ်ဝှမ်းရှိ မြို့အများအပြားတွင် ဆန္ဒပြပွဲများ ပြင်းထန်လာပြီး လွှတ်တော်အမတ်များ၏ ထောက်ပံ့ကြေးကို ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြ ကျောင်းသားများကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း ပစ္စည်းပို့ဆောင် သည့်