ဇန်နဝါရီလ (၂၉)ရက်။
ရခိုင် ကျောက်ဖြူမြို့မှာ စစ်ဘေးရှောင်နေရာတွေကို စစ်ကော်မရှင်က ဒရုန်းအပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ကျောက်ဖြူမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့ နေရာတွေကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်လာတာ” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကျောက်ဖြူမြို့ မူရွင်းရွာရှိ စစ်ရှောင်တွေနေတဲ့ စာသင်ကျောင်းကို စစ်ကော်မရှင်က ဒရုန်း (၂)စီးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူ (၂)ဦး သေဆုံးပြီး ကလေးတဦးအပါအဝင် (၅)ဦး ဒဏ်ရာရခဲ့ပါတယ်။
နောက်ပြီး အဲ့ဒီနေ့တရက်ထဲ မူရွင်းရွာနဲ့ ကုန်ဘောင်ရွာကို ဒရုန်းတွေအပါအဝင် ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။။
ဒါ့အပြင် ဇန်နဝါရီလ (၁၈)ရက်နဲ့ (၁၉)ရက်တွေမှာလဲ ကျောက်ကလေရွာကို ဂျက်ဖိုက်တာနဲ့ ဒရုန်းအပြင် ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ စစ်သင်္ဘောနေဗီတွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ အပြစ်မဲ့ပြည်သူ (၂)ဦး သေဆုံးကာ (၂)ဦး ဒဏ်ရာရခဲ့သလို အရပ်သားပြည်သူတွေရဲ့ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ (၂၂)ရက်နေ့ကလဲ ကျောက်ဖြူမြို့ ဇင်ချောင်း ကုန်ဘေရွာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် အရပ်သား (၂)ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။








