ဇန်နဝါရီလ (၂၉)ရက်။
သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်ဆိုတာ သတင်းမှားလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။
“ စစ်အုပ်စုလော်ဘီ မှိုင်းဝေရဲ့ တယ်လီဂရမ်အကောင့်ကနေ နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်၊ ဆေးကုသမှုခံယူနေရတယ်ဆိုတဲ့ သတင်းအမှားတခုကို လုပ်ကြံဖန်တီးပြီး ဖြန့်ဝေနေတယ်” လို့ ဆိုပါတယ်။
စစ်အုပ်စုလော်ဘီရဲ့ တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေအကောင့်ကနေ NUG သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရမှု နောက်ဆက်တွဲသတင်းဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်ကြံရေးသားဖြန့်ဝေနေတာပါ။
အဲ့ဒီလိုဖြန့်ဝေရေးသားတာဟာ သတင်းအမှားသာဖြစ်ပြီး သမ္မတ ဒူဝါလရှီးလ ဘေးကင်းကျန်းမာစွာရှိတယ်လို့ ဦးနေဘုန်းလတ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အခုလိုအချိန်အခါမှာ စစ်အုပ်စုလော်ဘီတွေ ဖြန့်ဝေနေတဲ့ သတင်းတု၊ သတင်းမှားတွေကို အထူးသတိပြုကြဖို့ကိုလဲ အသိပေးနှိုးဆော်ထားပါတယ်။
စစ်လော်ဘီတွေဘက်က သတင်းမှားဖြန့်ဝေတာဟာ လပခစစ်ဌာနချုပ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီးနောက် လူမြင်ကွင်းက ပျောက်နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
အဲ့ဒီလို ပစ်ခတ်ခံရတာကြောင့် မင်းအောင်လှိုင်ရဲ့ ယတြာအစီအစဉ် (၂)ခု မအောင်မြင်ခဲ့ကာ အဲ့ဒါဟာ အခုနှစ်ထဲ စစ်အုပ်စု ကျဆုံးမယ့်နှစ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။








