မတ်လ (၁၁)ရက်။
မတ်လ (၉)ရက်နေ့ ည (၁၀)နာရီအချိန်က မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်မှာ ရန်ဖြစ်တဲ့အဖွဲ့ကို ဝင်ဖြေရှင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကားတိုက်ခံရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
“ ဖြစ်တာက (၁၂)ဈေးနားမှာ၊ ရန်ဖြစ်တဲ့အဖွဲ့ကို ရခတွေက ဝင်ဖြေရှင်းပေးရင်း ကားနဲ့တိုက်ခံရတာ။ ဝင်ဖြေရှင်းပေးတဲ့ (၄)ဦးစလုံ ဒဏ်ရာရတယ်။ (၂)ဦးကတော့ မနေ့က ဆေးရုံမှာ သေတယ်လို့ကြားတယ်” လို့ နီးစပ်သူတဦးက ပြောပါတယ်။
ရွှေပေါက္ကံမြို့သစ် (၁၂)ရပ်ကွက်ခွဲ ပုဂံလမ်းမကြီးပေါ်ရှိ (၁၂)ဈေးအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်နဲ့ ကင်းလှည့်ရာက ရန်ဖြစ်နေတဲ့အဖွဲ့ကို ဝင်ရောက်ဖြေရှင်းပေးခဲ့တာလို့ သိရပါတယ်။
အဲ့ဒီလို ဝင်ဖြေရှင်းနေချိန် ရန်ဖြစ်တဲ့အဖွဲ့က ကားနဲ့ ဝင်တိုက်ခဲ့ရာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် (၄)ဦးစလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံရှိ အရေးပေါ်ဌာနကို ပို့ဆောင်ခဲ့ရတာပါ။
ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ရဲ (၂)ဦးဟာ မနေ့က နံနင်အစောပိုင်းမှာပဲ ရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
အခုအခါ ကားနဲ့ဝင်တိုက်တဲ့ဖြစ်စဉ်ထဲ ကျူးလွန်သူ အမျိုးသားကို အမှုဖွင့်ဖမ်းဆီးစစ်ဆေးနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်ဆိုပြီး ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။








