မတ်လ (၁၆)ရက်။
KNU ရဲ့ တပ်မဟာ (၄)နယ်မြေမှာ ဝင်ရောက်လှုပ်ရှားတဲ့ ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အဖွဲလို KNU က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို သိရပါတယ်။
၂၀၂၁ခုနှစ် အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်အယ်ခွီးနဲ့အဖွဲဟာ ပြည်သူ့တော်လှန်ရေးကို ဆန့်ကျင်နှောင့်ယှက်လှုပ်ရှားနေတာ အခုအချိန်ထိလို ဆိုပါတယ်။
အဲ့ဒီဗိုလ်အယ်ခွီးဟာ နာမည်ပျက်တွေနဲ့ ကျော်ကြားခဲ့သလို နအဖလက်ထက်ကထဲက စစ်အာဏာရှင်နဲ့ ပြန်လည်ပူးပေါင်းသွားခဲ့ပြီး တော်လှန်ရေးကို သစ္စာဖောက်ခဲ့တယ်လို ဖော်ပြထားပါတယ်။
နောက်ပြီး စစ်ကောင်စီကို တိုက်ခိုက်မယ်ဆိုပြီး ကြွေးကြော်ခဲ့ပေမယ့် ဘယ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး ဘုံရန်သူကို တိုက်ခိုက်တာမရှိသလို တော်လှန်ရေးအင်အားစုတွေကို ချုံခိုတိုက်ခိုက်တာက စစ်ကောင်စီရဲ့ စစ်ရေးနည်းဗျူဟာကို အကောင်အထည်ဖော်တာလို ရေးသားထားပါတယ်။
ဒါ့အပြင် အပြစ်မဲ့ပြည်သူတွေကို တပ်မဟာ(၄)နဲ့ ဆက်စပ်တယ်ဆိုပြီး ယိုးစွပ်ကာ ရက်ရက်စက်စက် သတ်ဖြတ်တာနဲ့ လုနေအိမ်တွေကို မီးရှိတာဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို ပြောဆိုထားပါတယ်။
တဖက်မှာ KNU တပ်မဟာ(၄)အနေနဲ့ စစ်ကောင်စီကို ပြင်းထန်စွာ တိုက်ခိုက်နေရတာကြောင့် ငရံ့နီချောင်းဖျားမှာ အခြေစိုက်တဲ့ ဗိုလ်အယ်ခွီးနဲ့အဖွဲကို အာရုံစိုက်ဖို အားနည်းတာကို အခွင့်ကောင်းယူပြီး တော်လှန်ရေးတပ်ဖွဲတွေအပေါ် တိုက်ခိုက်တာကို ပြင်းထန်စွာရှုချတယ်လို ထုတ်ပြန်ထားပါတယ်။
ဒီလို လူထုဆန့်ကျင်ရေးလုပ်ငန်းတွေ လုပ်တာနဲ့ စစ်ကောင်စီရဲ့ စစ်ရေးဗျူဟာအောက်မှာ ပါဝင်ပတ်သက်တာတွေကြောင့် တနင်္သာရီတိုင်းရှိ ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ကိုယ်စား ဗိုလ်အယ်ခွီးနဲ့ အပေါင်းအပါတွေကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အဖွဲဆိုပြီး သတ်မှတ်ကြေညာတာလို သိရပါတယ်။








