မတ်လ (၂၀)ရက်။
စစ်တပ်ဟာ ရှမ်းပြည်တောင်ပိုင်းက စတင်တဲ့ ရန်နိုင်မင်းစစ်ဆင်ရေးနဲ့ ဖရူဆို-ဘောလခဲ-ဖားဆောင်း လမ်းကြောင်းတလျှောက်ကို စစ်ကြောင်းထိုးနေတယ်လို KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်က စစ်ကြောင်းထိုးတဲ့ လမ်းကြောင်းတလျှောက်ရှိ မြိုတွေကို ထိန်းချုပ်နိုင်ပြီဆိုပြီး တဖက်သတ် ကြွေးကြော်နေပေမယ့် မြေပြင်စစ်ကြောင်းတွေ ချေမှုန်းခံရတာနဲ့ ယာဉ်တန်းတွေ ဖျက်ဆီးခံရတာတွေနဲ့ ကြုံတွေ့နေရတယ်လို ဆိုပါတယ်။
အဲ့ဒီလို စစ်တပ်စစ်ကြောင်းတွေ ချေမှုန်းဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေထဲ မြေပြင်တပ်သားတွေဟာ ထိခိုက်သေဆုံးတာတွေ များပြားနေတယ်လို ဖော်ပြထားပါတယ်။
မတ်လ (၁၇)ရက်နေ့က ထားလဲ-နန်းဖဲ လမ်းမကြီးပေါ်မှာ စစ်ကြောင်းထိုးပြီး လမ်းလုံခြုံရေးယူနေတဲ့ စစ်တပ်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲတွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ (၇)ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို ရေးသားထားပါတယ်။
အဲ့ဒီတိုက်ပွဲမှာ ကရင်နီတော်လှန်ရေးတပ်တွေဘက်က လိုက်လံချေမှုန်းခဲ့ရာ စစ်ကောင်စီတပ်ဖွဲတွေ ဖရိုဖရဲနဲ့ ဆုတ်ခွာသွားခဲ့ပြီး လက်နက် (၅)လက်နဲ့ ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ကလဲ စစ်တပ်စစ်ကြောင်းကို နန်းဖဲကျေးရွာအနီးမှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာအချိုရှိခဲ့ပြီး လက်နက်ငယ် (၁)လက် သိမ်းဆည်းရမိခဲ့တယ်လို ပြောဆိုထားပါတယ်။
အခုလို မြေပြင်တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်မှုကျဆုံးတာများပြားပြီး အရှက်မဲ့စွာ လေကြောင်းနဲ့ အရပ်သားပြည်သူတွေရဲ့ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ပြည်သူတွေ လေကြောင်းရန်အထူးသတိထားဖို တိုက်တွန်းထားတယ်လို သိရပါတယ်။









