ဧပြီလ (၂၇)ရက်။
မင်းအောင်လှိုင်ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိးတိုးတက်မယ်ဆိုပြီး နေပြည်တော်ရောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုခဲ့တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တွေ့ဆုံပွဲထဲ တရုတ်နိုင်ငံက မင်းအောင်လှိုင် သမ္မတအနေနဲ့ ရွေးကောက်တင်မြှောက်ခံရပြီး နာရီပိုင်းထဲ ဝမ်းမြောက်သဝဏ်လွှာ ပေးပို့တာနဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့တာဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို အလေးအနက်ထားတာကို ပြသတာလို့ ဆိုပါတယ်။
နောက်ပြီး နှစ်နိုင်ငံအကြား နိုင်ငံနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ အကျိုးဖြစ်ထွန်းစေမယ့် ကိစ္စရပ်တွေကို အရှိန်အဟုန်မြှင့်တင်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံအပေါ် ဆက်လက် ရပ်တည်ထောက်ခံပေးသွားမယ်လိုပြီးလဲ သူက ဆက်ပြောပါတယ်။
တွေ့ဆုံပွဲထဲ မင်းအောင်လှိုင်က သူဦးဆောင်တဲ့ အစိုးရအဖွဲ့ တာဝန်ယူချိန် ဝမ်ယိက ပထမဆုံး လာရောက်တဲ့အပေါ် ဂုဏ်ယူနေပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်မယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အခုလို မင်းအောင်လှိုင်နဲ့ ဝမ်ယိတို့ တွေ့ဆုံခဲ့တာကို တရုတ်သံရုံးက လူမှုကွန်ရက်ကနေ ထုတ်ပြန်ချိန်မှာ မြန်မာပြည်သူတွေက ဝိုင်းဝန်းကန့်ကွက်တာတွေ ရှိခဲ့တယ်လို့လဲ သိရပါတယ်။








