ဧပြီလ (၂၈)ရက်။
ပို့ကုန်ရငွေ အပြည့်အဝ ပြန်ပေးသွင်းတဲ့ ကုမ္ပဏီ (၁၇)ခုကို စစ်အုပ်စုဗဟိုဘဏ်က အမည်မည်းစာရင်းနဲ့ ပြည်ဝင်/ထွက်ခွင့် တားဆီးတာတို့ကနေ ပယ်ဖျက်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်အုပ်စုလက်အောက်ခံ ဗဟိုဘဏ်က အမည်မည်းစာရင်းနဲ့ ပြည်ဝင်/ထွက်ခွင့် တားဆီးတာတို့ကနေ ပယ်ဖျက်တဲ့ ကုမ္ပဏီစာရင်းထဲ ဦးတေဇရဲ့ Htoo ကုမ္ပဏီအုပ်စုလဲ ပါဝင်တာကို တွေ့ရပါတယ်။
စစ်အုပ်စုရဲ့ ပြည်ထဲရေးနဲ့ လဝကဝန်ကြီးဌာနတို့က ၂၀၂၀ပြည့်နှစ်ကစပြီး ၂၀၂၅ခုနှတ် မတ်လ (၃၁)ရက်နေ့အထိ ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်မဝင်ရောက်တဲ့ ကုမ္ပဏီတွေကို အမည်မည်းစာရင်းနဲ့ ပြည်ဝင်/ထွက်ခွင့် တားဆီးခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလို တားဆီးခံရတဲ့အထဲ ၂၀၂၀ပြည့်နှစ်ထဲ ပို့ကုန်ရငွေ ပြန်မဝင်လာတဲ့ ကုမ္ပဏိတွေထဲက ကန်ဒေါ်လာ (၅)သိန်းနဲ့အထက်ရှိ ကုမ္ပဏီ (၂၈)ခုနဲ့ ၂၀၂၁ခုနှစ်မှာ ကုမ္ပဏီ (၅၅)ခုတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ၂၀၂၁ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ကနေ ၂၀၂၅ခုနှစ် မတ်လ (၃၁)ရက်နေ့အထိ ကုမ္ပဏီ (၂၈၇)ခုတို့ကို တားဆီးခံခဲ့ရကာ အဲ့ဒီထဲက ကုမ္ပဏီ (၂၉)ခုဟာ ပို့ကုန်ရငွေတွေ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုအခါ အမည်စာရင်းထုတ်ပြန်ထားတဲ့ ကုမ္ပဏီ (၁၇)ခုဟာ ပို့ကုန်ရငွေတွေ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးဖြစ်တာကြောင့် အဲ့ဒီကုမ္ပဏီနဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေအပေါ် အမည်မည်းစာရင်း ထည့်သွင်းတာနဲ့ ပြည်ဝင်/ထွက်ခွင့် တားဆီးတာတို့ကနေ ပယ်ဖျက်တာလို့ သိရပါတယ်။








