မေလ (၁၄)ရက်။
ဒီပဲယင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်ထဲရှိ Star Link အင်တာနက်တွေ ယာယီပိတ်သိမ်းကြဖို့ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ခရိုင်စစ်ဌာနအနေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတာကြောင့် အရပ်ဖက်-စစ်ဖက် တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေ စစ်သတင်းလုံခြုံရေးစည်းကမ်းတွေကို လိုက်နာပူးပေါင်းဖို့ ညွှန်ကြားတာလို့ ဆိုပါတယ်။
အဲ့ဒီညွှန်ကြားတာထဲ Star Link အင်တာနက်တွေကို တော်လှန်ရေးအဖွဲ့တွေအနေနဲ့ လိုအပ်ချက်ကြောင့် အသုံးပြုရင် လုံခြုံရေးအကန့်အသတ်နဲ့သာ အသုံးပြုကြဖို့ ဖော်ပြထားပါတယ်။
နောက်ပြီး ဘယ်အဖွဲ့၊ လူပုဂ္ဂိုလ်မဆို သတ်မှတ်ထားတဲ့ စစ်ဆင်ရေးနယ်မြေထဲကို ခွင့်ပြုချက်မရှိဘဲ လုံးဝမဝင်ရောက်ဖို့နဲ့ စစ်ရေးသတင်းနဲ့ စစ်ရှောင်တွေရဲ့သတင်းတွေကို ခရိုင်ကွပ်ကဲရေးမှူးရဲ့ ခွင့်ပြုချက်မရှိဘဲ လူမှုကွန်ရက်တွေပေါ် လုံးဝမတင်ကြဖို့ အသိပေးထားပါတယ်။
ဒါ့အပြင် စစ်ရေးသတင်းအချက်အလက်တွေကို သတင်းမီဒီယာတွေကို ဖြေဆိုတာမလုပ်ဖို့ကိုလဲ သတိပေးတားမြစ်ထားသလို စစ်ဌာနတွေရဲ့ တရားဝင် စစ်သတင်းထုတ်ပြန်ချက်တွေကိုသာ စောင့်ဆိုင်းဖော်ပြဖို့ ဆိုပါတယ်။
အခုလို သတိပေးတားမြစ်ချက်တွေကို တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေ လိုက်နာစေဖို့ သက်ဆိုင်ရာ တပ်မှူးအဆင့်ဆင့်နဲ့ အရပ်ဖက်-စစ်ဖက် တာဝန်ခံတွေ ပူးပေါင်းတာဝန်ယူဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။
တားမြစ်တာတွေကို မလိုက်နာရင် ဘယ်အဖွဲ့၊ လူပုဂ္ဂိုလ်မဆို ခြွင်းချက်မရှိ ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








