မေလ (၁၅)ရက်။
မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ် စားချင်တယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ တန်းတူညီမျှခွင့်ရရှိဖို့ ထောင်ကကျွေးတဲ့ ထမင်းကိုမစားဘဲ ဆန္ဒပြခဲ့တာလို့ ဆိုပါတယ်။
ဒီလို ဆန္ဒထုတ်ဖော်ရတာက စစ်အုပ်စုရဲ့ လွတ်ငြိမ်းသက်သာခွင့် ထုတ်ပြန်တာမှာ အကျဉ်းသားတွေအကြား တရားမျှတမှုနဲ့ တန်းတူညီမျှမှုမရှိတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို ချန်လှပ်ပြီး ခွဲခြားဆက်ဆံတာတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေဟာ တန်းတူညီမျှခွင့်ရရှိဖို့၊ အခွင့်အရေး အပြည့်အဝရရှိဖို့နဲ့ တရားမျှတမှုဆိုတဲ့ အချက် (၃)ချက်ကို အဓိကတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ထောင်အာဏာပိုင်တွေရဲ့ အဂတိလိုက်စားတာနဲ့ အမျိုးသမီးဆောင်ထဲ ဥပဒေကို အကြောင်းပြပြီး ပါဆယ်ပစ္စည်း ပိတ်ပင်တာနဲ့ ဟင်းချက်ခွင့်ပိတ်ပင်တာအပါအဝင် နည်းမျိုးစုံနဲ့ ဖိနှိပ်နေတာတွေကို ပြင်းထန်စွာ ကန့်ကွက်တယ်လို့ ပြောဆိုထားပါတယ်။
ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ ဖိနှိပ်ခံရတဲ့အပေါ် ဆန္ဒထုတ်ဖော်ခဲ့ဖူးပေမယ့် ထောင်အာဏာပိုင်တွေက တောင်းဆိုတာတွေကို ဖြေရှင်းပေးမယ့်အစား ဖိနှိပ်မှုတွေနဲ့သာ တုံ့ပြန်နေတဲ့အတွက် ဆက်လက်တောင်းဆိုတာလို့ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ တရားဥပဒေစိုးမိုးရေးကို ကြွေးကြော်နေပေမယ့် လက်တွေ့မှာ တန်းတူညီမျှခွင့်နဲ့ အခြေခံလူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ အခုလှုပ်ရှားမှုက သက်သေပြနေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် PPNM အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ခွဲခြားဆက်ဆံတဲ့ မတရားတဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ပြင်းထန်စွာ ရှုတ်ချပြီး နိုင်ငံတကာ အကျဉ်းထောင်စောင့်ကြည့်ရေးအဖွဲ့တွေအနေနဲ့ အမြန်ဆုံး အလေးထားစောင့်ကြည့်ဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။








