ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ နိုင်ငံရေးရည်မှန်းချက်ကို ဆုပ်ကိုင်ထားတယ်လို့ NDAA ပြော
ဇွန်လ (၁၉)ရက်။
ဇွန်လ (၁၇)ရက်နေ့က မိုင်းလားဒေသမှာ ရာပြည့် ဦးဆောင်တဲ့ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ မိုင်းလားတပ်ဖွဲ့(NDAA)တို့ အလွတ်သဘောတွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
တွေ့ဆုံပွဲမှာ နယ်စပ်ဒေသတည်ငြိမ်ဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ဖို့၊ ပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက်ဖို့ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ရာပြည့်က စစ်အစိုးရအနေနဲ့ ငြိမ်းချမ်းရေဖြစ်စဉ်ကို အလေးထားပြီး NDAA အပါအဝင် အခြားသက်ဆိုင်ရာအဖွဲ့တွေကိုလဲ ဖိတ်ခေါ်ထားသလို အပြန်အလှန်ယုံကြည်မှု ညှိနှိုင်းတာတွေကနေတဆင့် မြှင့်တင်သွားမယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။
နောက်ပြီး ဒေသထဲ တည်ငြိမ်အေးချမ်းဖို့နဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သူက ဆက်ပြောပါတယ်။
ဆွေးနွေးပွဲမှာ NDAA ဥက္ကဋ္ဌ ဦးထိန်လင်းက နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အပြုသဘောဆောင် တက်ကြွစွာ ပါဝင်ပြီး နယ်စပ်ဒေသ ရေရှည် တည်ငြိမ်အေးချမ်းဖို့ ပါဝင်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဥက္ကဋ္ဌဟောင်းကြီး ဦးစိုင်းလင်း ချမှတ်ခဲ့တဲ့ တိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ နိုင်ငံရေးရည်မှန်းချက်ကို စွဲမြဲစွာ ဆုပ်ကိုင်ထားတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
တွေ့ဆုံပွဲထဲ အပြန်အလှန် နားလည်ယုံကြည်မှု တိုးမြှင့်ဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ဖို့အပြင် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ မြင့်တက်ဖို့တို့ကို အပြုသဘောဆောင် ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








