ဇွန်လ (၁၉)ရက်။
မူးယစ်ဆေးဝါးကင်းစင်တဲ့ ဒေသဖြစ်စေဖို့ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေကို ကိုးကန့်တပ်(MNDAA)က ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ထုတ်ပြန်ချက်ထဲ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဥပဒေချိုးဖောက်သူတွေကို ဘယ်လိုငဲ့ညှာတာမျိုးမရှိဘဲ ပြင်းထန်စွာ အရေးယူသွားမယ်လို့ အသိပေးထားပါတယ်။
ထုတ်ပြန်ထားတဲ့ အဓိကအချက်တွေထဲ မူးယစ်ဆေးဝါး ပြစ်မှုကျူးလွန်သူတွေဟာ ကျမ်းကျိန်ပြီး လွတ်ငြိမ်းခွင့်တောင်းခံတာနဲ့ ပြစ်ဒဏ်နဲ့ ဒဏ်ငွေ လျော့ပေါ့ပေးဖို့ တောင်းဆိုတာတွေကို လုံးဝ ခွင့်မပြုဘူးလို့ ဆိုထားပါတယ်။
နောက်ပြီး အရင်က ပြစ်ဒဏ်ကျခံခဲ့ဖူးပြီး ထပ်မံပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်တဆင့်တိုးကာ ပိုမိုပြင်းထန်စွာ အရေးယူမယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးပြစ်မှုမှာ အသုံးပြုခဲ့တဲ့ မော်တော်ယာဉ်တွေ၊ ငွေကြေးတွေနဲ့ အိမ်ခြံမြေ အဆောက်အအုံတွေကို နိုင်ငံ့ဘဏ္ဍာအနေနဲ့ သိမ်းဆည်းမယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနောက် ပြစ်မှုပြစ်ဒဏ်ထဲမှာလဲ ဖမ်းမိတဲ့ ပမာဏပေါ်မူတည်ကာ အနိမ့်ဆုံး ထောင်ဒဏ်(၁)နှစ်ကနေ (၃)နှစ်အထိနဲ့ ယွမ်ငွေ (၄၀၀၀)ကနေ (၁၀၀၀၀)အထိဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ တစ်သက်တကျွန်း ဒါမှမဟုတ် သေဒဏ်အပြင် ပိုင်ဆိုင်တာတွေကိုပါ သိမ်းဆည်းမယ်လို့ သတ်မှတ်ထားပါတယ်။
အခုထုတ်ပြန်တာဟာ ထုတ်ပြန်တဲ့နေ့ကစပြီး တရားဝင် အသက်ဝင်မှာဖြစ်ပြီး ပြည်သူတွေ အထူးဂရုပြု လိုက်နာဖို့နဲ့ မူးယစ်ဆေးဝါးသတင်းတွေကို တိုင်ကြားပူးပေါင်းပေးဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။








