ဇွန်လ (၂၉)ရက်။
တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
ပုလဲမောင် ကျဆုံးတဲ့အပေါ် အမှတ်(၁)စစ်ဒေသအနေနဲ့ ကျန်ရစ်သူ မိသားစု၊ ရဲဘော်ရဲဘက်တွေနဲ့အတူ ဝမ်းနည်းပူဆွေးရတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
သူဟာ ခရိုင်ထဲရှိ တော်လှန်ရေးအင်အားစုတွေအကြား MOD ရဲ့ ကွပ်ကဲမှုကို ခံယူဖို့ အမှတ်(၁)စစ်ဒေသအောက်ကို (၂၀၂၂)ခုနှစ်မှာ ယင်းမာပင်ခရိုင်ထဲ ပထမဆုံးအနေနဲ့ သူနဲ့အတူ တပ်ရင်းတရင်းလုံး ကွပ်ကဲမှုခံယူလာတဲ့ တပ်ရင်းမှူးတဦးဖြစ်တယ်လို့ ဆိုထားပါတယ်။
MOD အနေနဲ့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ကို တရားမျှတမှုရှိဖို့၊ ကျူးလွန်သူတွေကို ထိရောက်စွာ အပြစ်ပေးနိုင်ဖို့အတွက် သမာသမတ်ကျကျ ကိုင်တွယ်ဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။
တပ်ရင်းမှူး ပုလဲမောင်ကို အစည်းအဝေးမှာ ခရိုင်ကွပ်ကဲရေးမှူး စွမ်းသူမောင်ရဲ့ ကိုယ်ရေးအရာရှိက သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့ကာ အခုအခါ အဓိကတာဝန်ရှိတဲ့ စွမ်းသူမောင်ကို NUG က ဖမ်းဆီးထားပါတယ်။
ဒါ့အပြင် သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ရဲဘော် ငဖြိုးကိုလဲ လက်နက်ဖြုတ်သိမ်းကာ ဖမ်းဆီးထားတယ်လို့ NUG က ထုတ်ပြန်ထားပေမယ့် ကျူးလွန်တဲ့ စွမ်းသူမောင်ရဲ့ ကိုယ်ရေးအရာရှိဟာ ရဲဘော်ငဖြိုးမဟုတ်ဘဲ အခြားသူတဦးဖြစ်တယ်ဆိုပြီး ပြောဆိုတာတွေရှိတယ်လို့ သိရပါတယ်။








