ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း၊ ရေဦး- ညောင်ပင်သာ ကားလမ်းဘေးရှိ ရွာသစ်ကျေးရွာအား အထိုင်ချ တပ်စွဲထားတဲ့စစ်ကောင်စီတပ်နဲ့ ပျူ ၃၀ခန့် ဟာ ပစ်ခတ်ဝင်ရောက်လာပြီးနောက် ဒေသခံများရဲ့ နေအိမ်တွေအပြင်လယ်ယာသုံးပစ္စည်းများနဲ့ စစ်ဘေးရှောင်ပြည်သူ တွေအသုံးပြုနေတဲ့ မူးမြစ်ကူးတံတားငယ်ကိုပါ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် လယ်ယာသုံး ခိုင်းနွားတစ်ကောင်သေဆုံး၍ အကောင်ရေ(၂၀)ခန့် မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး လယ်ယာသုံး ခုတ်စက်များ၊ရေစုပ်စက်များလည်း ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
ထို့အပြင် ရွာသစ်ကျေးရွာအတွင်းရှိ နေအိမ်အားလုံးနီးပါး မွှေနှောက်ခံရပြီး စားစရာများ၊ကျောပိုးအိတ်များ၊ဖုန်းများအား ခိုးယူသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက် ဆီးမှုကြောင့် ရွာပေါင်း၆၀က နေအိမ်ပေါင်း၂,၉၀၀ကျော် ပြာကျပျက်စီးခဲ့ပြီး အိုးမဲ့အိမ်မဲ့ပြည်သူပေါင်း တစ်သောင်းခွဲခန့် ရှိနေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား ရေးက အသိပေးထားသည်။