စစ်ကောင်စီရဲ့ လေကြောင်းရန်မှ ကာကွယ်နိုင်ရန် မင်းတပ်မြို့နယ်အတွင်း နေထိုင်သူများ ဗုံးခိုကျင်းများ တူးထားကြရန် ချင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့ CDF- Mindat က ဧပြီလ (၁၄) ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့နယ်အတွင်း လက်နက်ကြီး (ဟောင်ဝစ်ဇာအမြောက်) နဲ့ ပစ်ခတ်ခြင်း၊ လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းတွေ ပြုလုပ်လျက်ရှိတဲ့အတွက် မိဘပြည်သူများ ဘေးကင်းစေရန် စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုအန္တရာယ်မှ ကာကွယ်နိုင်တဲ့ ပုန်းခိုရန် ကတုတ်ကျင်းတွေကို သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း အမြန်ဆုံး တူးထားကြပါရန် တိုက်တွန်းထားပါတယ်။
CDF-Mindat အနေနဲ့ ဗုံးခိုကျင်းများ တူးဖော်ကြရန် အကြိမ်ကြိမ် တိုက်တွန်းပြီး ဖြစ်တယ်လို့ ဆိုထားပြီး အခု ထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိသူတွေကို လိုအပ်တဲ့ အရေးယူမှုများ ပြုလုပ်သွားမှာ ဖြစ်ကြောင်းလည်း ပါဝင်ပါတယ်။
စစ်ကောင်စီဟာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေကို အကြိမ်ကြိမ် လေကြောင်းမှ တိုက်ခိုက်လျက်ရှိပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ (၁၁) ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကစီကြီးကျေးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်များအပါဝင် လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ရပါတယ်။
ဧပြီလ (၁၀) ရက်နေ့ကလည်း ဖလမ်းမြို့နယ်၊ ဝေဘူလမြို့သစ်ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ ပြည်သူ (၉) ဦး သေဆုံးခဲ့ရပါတယ်။