နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်

ဆောင်းပါးများ

ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

ဖက်ဒရယ်ဥပဒေအကယ်ဒမီက ပြုစုသော မြန်မာနိုင်ငံနှင့်သင့်တော်မည့် ဖက်ဒရယ်စနစ် အဆိုပြုချက် – အပိုင်း (၄)

၁။ မြန်မာနိုင်ငံနှင့် သင့်တော်သည့် ဖက်ဒရယ်စနစ်ကို ရှာဖွေရသည့် အကြောင်းနောက်ခံ

မတူသောတိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသည့် မြန်မာနိုင်ငံတွင် ရှာဖွေရမည့် အရင်းခံနိုင်ငံရေး အနှစ်သာရမှာ တဦးချင်း၏ လွတ်လပ်မှု အခွင့်အရေး(1) နှင့် စုပေါင်းအခွင့်အရေး (2) တို့ အပေါ်အခြေခံသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (3) ဖြစ်သည်။ အဓိကအားဖြင့် ပထမအခွင့်အရေး ဆုံးရှုံးသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်ခုခံစစ်ဆင်နွှဲရာမှ စတင်ကာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။ ထို့အပြင် ဒုတိယအခွင့်အရေးကို အကောင်အထည်ဖော်မပေးသောအခါ ပြည်တွင်းစစ်သည် ဆယ်စုနှစ်ခုနှစ်စုကျော်မျှ ရှည်ကြာလာခဲ့ပြီ ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က အာဏာထပ်မံသိမ်းပြီး နောက်လူထု၏ခုခံစစ် က နွေဦးတော်လှန်ရေးအမည်ဖြင့် ဆင်နွှဲလာကြခြင်း၏အကြောင်းခံမှာ အသစ်မဟုတ်။ မူလက ဖြစ်ပွားခဲ့သည့် အရင်းခံပြဿနာများ၏ အဆက်ဖြစ်သည်။ မြန်မာနိုင်ငံအတွက် သင့်တော်သည့် ဖက်ဒရယ်စနစ်ဟူရာတွင် တဦးချင်းလွတ်လပ်မှုနှင့် စုပေါင်းအခွင့်အရေးတို့အပေါ်အခြေခံသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းချက်လိုအပ်ချက်အား ဖြေရှင်းနိုင်မည့် အခြေခံ ရှိရပါမည်။

တန်းတူရေးကို ရှာဖွေရာတွင် ပထမဆုံးသတိပြုရမည့် အချက်မှာအကြွင်းမဲ့တန်းတူရေးကို ရှောင်ရန်ဖြစ်သည်။ လောကတွင် အကြွင်းမဲ့တန်းတူရေး မည်သည့်နေရာတွင်မျှ မရှိပါ။ အမျိုးသားတန်းတူရေး ဟူသည်မှာနိုင်ငံရေးကြွေးကြော်သံဖြစ်သည်။ ယင်းကိုတန်ဘိုးထားရပါမည်။ သို့ရာတွင် မည်ကဲ့သို့အဓိပ္ပါယ်ဖွင့်ဆိုကျင့်သုံးမည်နည်း။ သမိုင်းကြောင်းနောက်ခံ၊ လူဦးရေ၊ အခြေစိုက်နေထိုင်ရာနယ်မြေအကျယ်အဝန်းမတူသည့် လူမျိုး၊ လူ့အလွှာ၊ လူ့အဝန်းအဝိုင်း များအကြား (ပြည်နယ်တခုချင်းစီ အတွင်းတွင်ဖြစ်စေ၊ ပြည်နယ်များအသီးသီးနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံတဝှမ်လုံးတွင်ဖြစ်စေ) ခံစားခွင့်အားလုံးတွင်အကြွင်းမဲ့တန်းတူရေး အပ်နှင်းရမည်ဆိုလျင် လက်တွေ့မကျနိုင်ပါ။ အောင်မြင်ရန် မလွယ်ပါ။

အကြွင်းမဲ့တန်းတူရေးတောင်းဆိုသည့် ပြဿနာကို ဖြေရှင်းကျော်လွှားနိုင်ရန် ပြည်နယ်တခုချင်းစီ အတွင်းရှိ ဒေသခံဌာနေ တိုင်းရင်းသားနှင့် ပြည်နယ်သားများ၊ လူထုအသင်းအဖွဲ့များ၊ နိုင်ငံရေး၊ စစ်ရေးအင်အားစုများ အကြား ညှိနိုင်းဆွေးနွေးကြရပါမည်။ ကိုယ်ပိုင်ပြဌာန်းခွင့်အား အဓိကထားချဉ်းကပ်ပုံ ပြောင်းလဲရန် လိုအပ်သည်။ ကိုယ်ပိုင်ပြဌာန်းခွင့်သည် လူထု၏အခွင့်အရေး (4) ဖြစ်သည်။ ပြည်နယ်များအသီးသီးအတွင်းရှိ လူထုအသင်းအဖွဲ့များ၊ နိုင်ငံရေး၊ စစ်ရေးအင်အားစုများသည် (ရပ်ဝန်းတခုအတွင်း အတူတကွ အခြေစိုက်နေထိုင်နေကြသူ လူမျိုး နှစ်မျိုး သို့မဟုတ် နှစ်မျိုးထက် ပိုပြီးရှိနေပါမူ) မိမိတို့ ကိုယ်စားပြုသောလူမျိုးသာမက ကိုယ်စားမပြုသောလူမျိုးများ၏ သဘောဆန္ဒကိုပါ လေ့လာစုံစမ်းပြီးမှ ဆွေးနွေးခြင်းအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို ချဉ်းကပ်ပုံအမှန်ကန်ဆုံးဖြစ်ပါမည်။

မြန်မာနိုင်ငံတွင် လက်တွေ့အရ လူထု သို့မဟုတ် ပြည်သူဟူ၍သာ ယေဘုယျ သုံးစွဲပါမူ တဦးချင်းလူဦးရေအား ကိုယ်စားပြုရာ ရောက်သဖြင့် လူများစုကြီးဖြစ်သည့် မြန်မာလူမျိုးများကသာ အမြဲတန်း အသာစီးရနေမည်ကို စိုးရိမ်ရသည်။ ဖက်ဒရယ် အောင်မြင်စေလိုလျင် လူထု သို့မဟုတ် ပြည်သူဟူသည်မှာ ပြည်ထောင်စုဖွဲ့စည်းရာတွင် ပါဝင်သည့် တိုင်းရင်းသား ပြည်နယ်များ အတွင်း အခြေစိုက်နေထိုင်လျက် ရှိသော ဒေသခံဌာနေတိုင်းရင်းသားများ (5) နှင့် ပြည်နယ်သားများဟူ၍ မှတ်ယူ ကျင့်သုံးသင့်ပါသည်။ ၎င်းတို့ထံသို့ ကြိုတင်သတင်းအချက်အလက်များပေးပြီး လွတ်လပ်စွာ ဆွေးနွေးခွင့်ပြုကာ သဘောဆန္ဒများ တောင်းခံခြင်းဖြင့် (6) ဖက်ဒရယ်စနစ်ကို ဦးတည်ဖော်ဆောင်နေစဉ်မှာပင် ဒီမိုကရေစီအခြေခံကိုလည်း ချမှတ်ကျင့်သုံးပြီးရာ ရောက်ပါမည်။

၂။ ဖက်ဒရယ်စနစ်ဆိုသည်မှာ

The Editors of Encyclopedia Britannica ၏ ဖွင့်ဆိုချက် အပေါ်အခြေခံလျက်(7) သုတေသနပြုသူ၏ လေ့လာမှုနှင့် ပေါင်းစပ်ကာ တင်ပြပါသည်။ ဖက်ဒရယ်စနစ်များ အားလုံးတွင် ရှိရမည့် ကြန်အင်လက္ခဏာနှင့် အခြေခံမူများမှာ ဘုံတူညီမှုရှိသည်။ ဖက်ဒရယ် စနစ်သည် သီးခြားဖြစ်နေသော နိုင်ငံ (သို့) ပြည်နယ် (သို့) နိုင်ငံရေးစုဖွဲ့မှု များအကြား ဆွေးနွေးမှုများအားဖြင့် ဆက်စပ်လွှမ်းခြုံမှု ရှိသည့် နိုင်ငံရေးစနစ်တခုအတွင်း တစုတစည်းတည်းဖြစ်အောင် ပေါင်းစည်းပေးသည်။ အဆိုပါ ဆက်စပ်လွှမ်းခြုံမှုရှိသည့် နိုင်ငံရေးစနစ်အောက်တွင် ပြည်ထောင်စုဖွဲ့စည်းရာတွင် ပါဝင်သည့် ယူနစ်တခုချင်းစီသည် မိမိတို့၏ ကိုယ်ပိုင်တည်ရှိမှုကို ထိန်းသိမ်းထားနိုင်သည်။

ဖက်ဒရယ်စနစ် ဆက်ဆံရေးအား အမြဲ၊ ရာသက်ပန်တည်ရှိသည့် ပြည်ထောင်စု သဘောတူညီမှု (Perpetual Covenant of Union) အပေါ်အခြေခံလျက် စာဖြင့်ရေးသားထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် (ကိုယ်ပိုင်အုပ်ချုပ်မှုနှင့် မျှဝေအုပ်ချုပ်မှု၊ အာဏာခွဲဝေမှု) တို့ကို အကောင်အထည်ဖော်သည်။ ယင်းကို အထောက်အကူပြုရန်အတွက် အဆိုပါယူနစ် (သို့) ပြည်နယ်တခုချင်းစီတိုင်းတွင် ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲခွင့်ရှိသည်။ (ဗဟိုချုပ်ကိုင်မှု နည်းနိုင်သလောက်နည်းစေရမည်။) ပြည်နယ်တခုချင်းစီအတွင်းမှာပင် စုံလင်ကွဲပြားသည့် အုပ်စုများအကြား လိုက်လျောညီထွေဖြစ်စေသည့်အခြေခံဖြင့် နေရာချထားသည်။ (ဖက်ဒရယ် ပြည်ထောင်စု၏ ဇုန် သို့မဟုတ် ဒေသန္တရ၊ ပြည်နယ် နှင့် ဗဟို အဆင့်သုံးဆင့်လုံးတွင်) ဒီမိုကရေစီ အုပ်ချုပ်မှုစနစ်အား ထိန်းသိမ်းပြီး နိုင်ငံရေးအရ (8) ပေါင်းစည်းစေသည်။ ပြည်ထောင်စုအဆင့်မှနေ၍ ဗဟိုချုပ်ကိုင်မှု ကျင့်သုံးခြင်းကို လက်မခံသော နိုင်ငံရေး ပါတီစနစ် (noncentralized party system) ပေါ်ပေါက်လာစေရန် ပံ့ပိုးပေးသည်။ (9)အစိုးရသုံးဆင့်လုံးတွင် ဒေါင်လိုက် သို့မဟုတ် အလျားလိုက်ဆက်ဆံရေးများ တည်ဆောက်ရာတွင် ပြဿနာများ ပေါ်ပေါက်လာပါက ညှိနိုင်းဆွေးနွေးဖြေရှင်းခြင်းကို အားပေးသည်။ ယင်းသို့ ဖြေရှင်း၍ မရပါက သက်ဆိုင်ရာလူထုများ၏သဘောဆန္ဒကို ခံယူသည်။ မပြေလည်သေးပါက အကြမ်းဘက်မှုနည်းနာများကို မည်သို့မျှ မကျင့်သုံးဘဲ တရားရုံးများ၏ အဆုံးအဖြတ်ကို တောင်းခံ လိုက်နာသည်။

၃။ တည်ထောင်ပြီးသားနိုင်ငံအား ဖက်ဒရယ်စနစ်သို့ ပြောင်းလဲတည်ဆောက်ခြင်း (သို့မဟုတ်) အတူတကွ လာရောက်စုပေါင်းသည့် ဖက်ဒရယ်စနစ်အနေဖြင့် အသစ်တည်ဆောက်ခြင်း။

ရှိပြီးသားတပြည်ထောင်နိုင်ငံတွင် တင်းကြပ်လွန်းသည့် ဗဟိုချုပ်ကိုင်မှုကို တစတစလျော့ချကာ (10) ဖက်ဒရယ်နိုင်ငံ ဖြစ်လာအောင် တည်ဆောက်သွားမည်လား။ သို့မဟုတ် အတူတကွ လာရောက်စုပေါင်းပြီး တည်ဆောက်သည့် အခြေခံမျိုးမှ နေ၍ သင့်တင့်သည့် ဗဟိုကွပ်ကဲမှု (11) ကို ရှာဖွေကာ ဖက်ဒရယ်နိုင်ငံအသစ်တခုအနေဖြင့် ဖော်ဆောင်မည်လား။

ပထမလမ်းကြောင်းတွင် ဘရာဇီးလ်၊ အိန္ဒိယ၊ ဘယ်လ်ဂျီယံနှင့် စပိန်နိုင်ငံတို့ကို လေ့လာနိုင်သည်။ (12) အလားတူ နောက်ထပ် ပေါ်လာသည့် ဖက်ဒရယ်နိုင်ငံအသစ်များမှာ နိုင်ဂျီးရီးယား၊ အီသီယိုးပီးယား၊ နီပေါလ် အစရှိသည့်နိုင်ငံတို့ ဖြစ်သည်။ တောင်အာဖရိကနိုင်ငံအား တဝက်တပျက် ဖက်ဒရယ်ဟု သတ်မှတ်သည်။ (13)

မြန်မာနိုင်ငံတွင် ပထမလမ်းကြောင်းသည် မအောင်မြင်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖွဲ့စည်းပုံပြင်ဆင်ရန်ပြဌာန်းထားသော ပုဒ်မ (၄၃၆) သည် (စစ်အာဏာရှင်စနစ်ကို အသက်သွင်းထားသော ဖွဲ့စည်းပုံ၏ ကျောရိုးများအား) ပြင်ဆင်ရခက်လွန်းအောင် ပြဋ္ဌာန်းထားသောကြောင့်ဖြစ်သည်။ ဖွဲ့စည်းပုံအရ ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၆၆၄ ဦးရှိသည်။ ၎င်းတို့အနက် ပထမအဆင့်တွင် ၇၅% ကျော် ထောက်ခံမဲရဖို့ လိုသည်။ သို့ရာတွင် မလုံခြုံသော ဒေသအခြေအနေများကြောင့် အချို့သောမဲဆန္ဒနယ်မြေများတွင် ရွေးကောက်ပွဲကျင်းပခြင်မှကျင်းပနိုင်ပါမည်။ (14) သို့ဖြစ်၍ ရွေးကောက်ပွဲတိုင်း၌ အဆိုပါ ကိုယ်စားလှယ်ဦးရေ အပြည့်ရရန် အလွန်ခက်ခဲသည်။ သို့ဖြစ်၍ ၇၅% ကျော်ရရန်မှာ မဖြစ်နိုင်လောက်အောင်ပင်။

ဒုတိယအဆင့်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရဦးမည်။ ပြည်ထဲရေးဝန်ကြီးဌာနကို စစ်တပ်က ကိုင်ထားခြင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် စစ်ဗိုလ်ဟောင်းများက ကြီးစိုးနေခြင်း၊ ကြံ့ဖွံ့ပါတီနှင့် စစ်တပ်ထောက်ခံသူများက အမျိုးမျိုး နှောက်ယှက် ကြဦးမည်ဖြစ်ခြင်းတို့ကြောင့် ဒုတိယအဆင့်မှာ အောင်မြင်နိုင်ခြေ ပို၍နည်းပါသည်။ NLD ပါတီက ၂၀၂၀ ခုနှစ်အတွင်းတွင် ဖွဲ့စည်းပုံ ပြင်ရန်အစွမ်းကုန် ကြိုးပမ်းခဲ့သော်လည်းပထမအဆင့်မှာပင် မအောင်မြင်ခဲ့ပါ။ သို့ဖြစ်၍ ဒုတိယနည်းလမ်းကို စဉ်းစားနိုင်ရန် သမိုင်းကြောင်းနောက်ခံမှ ပြန်လည်သုံးသပ်ရန် လိုအပ်ပါသည်။ (15)

ဒုတိယလမ်းကြောင်းမှာ အချုပ်အခြာအာဏာပိုင်နိုင်ငံများ သို့မဟုတ် အလားတူအခြေအနေမျိုးရှိသော နယ်မြေယူနစ်များက စုပေါင်းကာဖက်ဒရယ်နိုင်ငံကို တည်ထောင်ခြင်းဖြစ်သည်။ သာဓကအားဖြင့် (သြစတြေးလျ၊ ဂျာမနီ)၊ ဆွစ်ဇာလန်၊ အမေရိကန်ပြည်ထောင်စုနှင့် မလေးရှားနိုင်ငံများဖြစ်သည်။ ၎င်းတို့သည် ပျော့ပြောင်းသော ဗဟိုကွပ်ကဲမှုကို တည်ဆောက်ခဲ့ကြပြီး ဖြစ်သည်။

ဦးအောင်ထူး
ကျောင်းအုပ်၊ ဖက်ဒရယ်ဥပဒေအကယ်ဒမီ။
ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၀) ရက်။

မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အောက်ပါအကြောင်းအချက် လေးရပ်အပေါ်အခြေခံလျက် ဒုတိယလမ်းကြောင်းကို ရွေးရုံသာရှိသည်။

၁။ ပြည်ထောင်စုဖွဲ့စည်းရာတွင်ပါဝင်ကြသည့် တိုင်းရင်းသားပြည်နယ်များသည် သမိုင်းတွင် လွတ်လပ်စွာနေလာခဲ့ကြသည့် ယူနစ်များ ဖြစ်သည်။ သာဓကအားဖြင့် ကရင်နီနယ်၏ လွတ်လပ်မှုကို ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂(ခ) တွင် ထည့်သွင်းပြဌာန်းကာ သွယ်ဝိုက်ပြီး အသိအမှတ်ပြုထားသည်။

၂။ အဆိုပါ ယူနစ်များသည် ပင်လုံစာချုပ်အပေါ်အခြေပြုကာ ပြည်ထောင်စုအနေဖြင့် စုပေါင်းတည်ထောင်လာခဲ့ကြခြင်းဖြစ်သည်။ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုဗဟိုပြုလျက် ပြည်တွင်းဥပဒေအရရော နိုင်ငံတကာဥပဒေအရပါ ပြည်ထောင်စုနိုင်ငံတဝှမ်းလုံးကို လွှမ်းခြုံသည့် တရားအဝင်ဆုံး နိုင်ငံရေးစာချုပ်မှာ ပင်လုံစာချုပ် တခုတည်းသာ ရှိသည်။ အောက်ပါတို့ကြောင့်ဖြစ်သည်။

(က) ၁၉၄၁ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်တွင် အမေရိကန်သမ္မတ ရုစ်ဗဲ့လ်နှင့် ဗြိတိသျှဝန်ကြီးချုပ် ချာချီတို့ ချုပ်ဆိုခဲ့သည့် အတ္တလန်တစ်ချာတာ အပိုဒ် (၃) တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အခြေခံကို သဘောတူညီခဲ့ကြသည်။ (16) ၎င်းချာတာသည် ဥပဒေအရ စည်းနှောင်မှု မရှိသော်လည်း နိုင်ငံရေးအရ စည်းနှောင်မှု (Politically binding) ရှိသည်။

(ခ) ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်တွင် ချုပ်ဆိုခဲ့သော အောင်ဆန်းအက်တလီစာချုပ်အပိုဒ် (၈) သည် အထက်ပါ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ထင်ဟပ်ခဲ့သည်။ (17) ၎င်းစာချုပ်သည် နိုင်ငံတကာဥပဒေအရ တရားဝင်သည်။

(ဂ) အောင်ဆန်းအက်တလီစာချုပ်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်တွင် ပင်လုံစာချုပ် ပေါ်ထွက်လာသည်။ (18) ပင်လုံစာချုပ်သည် ပြည်တွင်းဥပဒေအရ လုံးဝတရားဝင်သည်။ ယင်းကို နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေများနှင့်အညီ ဖော်ဆောင်ခြင်းမပြုလျှင် နိုင်ငံတကာဥပဒေနှင့်ပါ သက်ဆိုင်လာနိုင်သည်။ (19) ၂၀၂၁ ခုနှစ် စစ်တပ်အာဏာ ထပ်မံသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံတကာအဆင့် လူ့အခွင့်အရေးချိုးဖောက်မှုကြီးများကို ထပ်မံကျူးလွန်ပြီး ပင်လုံစာချုပ်ကို လုံးဝဥပက္ခာပြုထားခြင်းမှာ နိုင်ငံတကာဥပဒေကိုပါ ချိုးဖောက်ရာရောက်နေပြီဖြစ်ကြောင်း မှတ်ယူနိုင်သည်။

(ဃ) ပင်လုံစာချုပ်အားပို၍ တရားဝင်စေသောအချက်မှာ ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်တွင် ဗြိတိသျှအစိုးရနှင့် မြန်မာနိုင်ငံယာယီအစိုးရတို့အကြား ချုပ်ဆိုခဲ့သည့်စာချုပ် (20) ဖြစ်သည်။ ၎င်းသည် နိုင်ငံတကာဥပဒေအရ တရားဝင်သည်။ ၎င်းအရ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် တက်လာသောအစိုးရများသည် ပင်လုံစာချုပ်ကို ဖော်ဆောင်ရန် တာဝန်ရှိသည်။

၃။ ၁၉၆၁ ခုနှစ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျင်းပခဲ့သည့် ပြည်နယ်ပေါင်းစုံညီလာခံ (21) ကျင်းပခဲ့သည်။ မြန်မာပြည်နယ်မှ လွဲ၍ ကျန်ခုနှစ်ပြည်နယ်လုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ဖက်ဒရယ်ပြည်ထောင်စုအား ပြည်နယ်အများစု ပေါင်းဖွဲ့စည်းရမည့် အခြေခံကို တတိယအကြိမ် ချမှတ်ခဲ့သည့် တရားဝင်ညီလာခံ ဖြစ်သည်။

၄။ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်ကိုကိုယ်စားပြုထားသည့် NLD ခေါင်းဆောင်အများစုပါသော လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH က ကမကထပြုရေးဆွဲထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်၏ မူနှစ်ခုလုံးတွင် ပြည်နယ်များ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို အသိအမှတ်ပြုထားသည်။ (22)

  1. Individual rights and freedoms
  2. Collective rights
  3. Equal rights and self-determination
  4. International Covenant on Civil and Political Rights, Art (1):
    https://www.ohchr.org/en/instruments-mechanisms/instruments/international-covenant-civil-and-political-rights
    International Covenant on Economic, Social and Cultural Rights, Art (1):
    https://www.ohchr.org/en/instruments-mechanisms/instruments/international-covenant-economic-social-and-cultural-rights accessed 3 November 2022.
  5. Indigenous peoples
  6. UN OHCHR, ‘Free, Prior and Informed Consent of Indigenous peoples’ (September 2013)
    https://www.ohchr.org/sites/default/files/Documents/Issues/IPeoples/FreePriorandInformedConsent.pdf
    accessed 3 November 2022.
  7. The Editors of Encyclopaedia Britannica, ‘Federalism: Political Science’, (Last Updated: Oct 19, 2022)
    https://www.britannica.com/topic/federalism accessed 3 November 2022.
  8. ibid.
  9. ibid.
  10. Gradual devolution of rigid centralization
  11. Optimal centralization
  12. Alfred Stepan, ‘Federalism and Democracy: Beyond the U.S. Model’ in Dimitrios Karmis and Wayne Norman (eds), Theories of federalism: a reader (Palgrave Macmillan, New York 2005).
  13. South Africa: Quasi-Federal Country; Basic Socio-Economic Factors:
    https://www.oecd.org/regional/regional-policy/profile-South-Africa.pdf accessed 4 November 2022.
  14. Mary Callahan and Myo Zaw Oo, ‘Myanmar’s 2020 Elections and Conflict Dynamics’ (United States Institute of Peace 2019) 20 https://www.usip.org/publications/2019/04/myanmars-2020-elections-and-conflict-dynamics accessed 4 November 2022.
  15. Arthur Benz and Jörg Broschek (eds), Federal Dynamics: Continuity, Change, and the Varieties of Federalism (Oxford University Press, Oxford 2013) 5.
  16. Atlantic Charter: Third, they respect the right of all peoples to choose the form of government under which they will live; and they wish to see sovereign rights and self government restored to those who have been forcibly deprived of them;
    https://avalon.law.yale.edu/wwii/atlantic.asp accessed 4 November 2022.
  17. Aung San – Atlee Agreement:
    https://www.cprmyanmar.org/wp-content/uploads/2021/01/AUNG-SAN-–-ATLEE-AGREEMENT.pdf accessed 6 November 2022.
  18. Pang Long Accord 12 February 1947 (Pang Long Agreement), para 5, 7. Available at https://peacemaker.un.org/sites/peacemaker.un.org/files/MM_470212_Panglong%20Agreement.pdf accessed 6 November 2022.
  19. Comment by David Fisher, Prof. of International Law, Faculty of Law, Stockholm University, Sweden, online communications in 2017.
  20. The UK and Provisional Government of Burma agreed in a separate treaty that the Provisional Government would inherit rights and obligations covered by international agreements to which the UK was a party.
    (17 October 1947)
    Treaty between the Government of the United Kingdom and the Provisional Government of Burma regarding the Recognition of Burmese Independence and Related Matters (conclusion, London 17 October 1947, ratification 4 January 1948 by exchange of the instruments of ratification, Art. 15 of the Treaty) 70 UNTS 183, ‘Article 2’:
  21. BNI Multimedia Group, ဒေါက်တာနန်းလှိုင် (သမိုင်းအထူးပြု) အခြေခံဥပဒေပြင်ဆင်ရေးနှင့် သမိုင်းအမြင် (05 August 2019) https://www.bnionline.net/mm/news-67063 accessed 6 November 2022.

ဖက်ဒရယ်ဒီမိုကရေစီ၊ အစိတ်အပိုင်း (၁) အပိုင်း (၂) ပိုဒ်ခွဲ (၁)
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ
၁။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် ယင်းပြည်နယ်များအတွင်းရှိ ပြည်သူတို့သည် အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်များ ဖြစ်သည်။
Federal Democracy Charter, Declaration of Federal Democracy Union (2021). https://crphmyanmar.org/wp-content/uploads/2021/04/Federal-Democracy-Charter-English.pdf accessed 6 November 2022.

ဦးအောင်ထူး
ကျောင်းအုပ်၊ ဖက်ဒရယ်ဥပဒေအကယ်ဒမီ။
ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၀) ရက်။

(စစ်ကိုင်းတိုင်းအတွင်းရှိ လူထုများနှင့် PDFs များအကြား ပုံနှိပ်ဖြန့်ဝေလျက်ရှိသော တူမီးစာစောင်တွင် ဖော်ပြခဲ့ပြီး
ဖြစ်သည့် တင်ပြချက်များအား အများပြည်သူ ပို၍ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ရန် အချိန်ကာလ ပြောင်းလဲ
တင်ဆက်လိုက်ခြင်း ဖြစ်ပါသည်။ နှစ်ပတ်တကြိမ် ဆက်လက်တင်ဆက်သွားရန် ရည်ရွယ်ပါသည်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ မြန်မာသတင်း

တရုတ်အရွေ့နဲ့ စစ်အုပ်စု

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 24 Views
တရုတ်ခေါင်းဆောင်မော်စီတုံးကို သူတို့လေးစားတဲ့ခေါင်းဆောင်အဖြစ် ရန်ကုန်က ဝှာကျုံးနဲ့ နန်ယန် တရုတ်စာသင်ကျောင်းက ကျောင်းသားတွေက မော်စီတုံးတံဆိပ်တွေကို ရင်ဘတ်မှာ ထိုးခဲ့ကြတဲ့အတွက် ကျောင်းဆရာတွေ ဆရာမတွေက
ဆောင်းပါးများ အရှေ့တောင်အာရှ အာရှ

တရုတ်၊ အာစီယံနဲ့ မြန်မာ့နိုင်ငံရေး?

  • 2024 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 9.69K Views
စစ်အာဏာသိမ်းခြင်းနဲ့အတူ ပြည်တွင်းအုံကြွဆန္ဒပြမှုကြီး ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး စစ်တပ်က အကြမ်းဖက်ဖိနှိပ်မှုတွေ၊ ရက်စက်စွာ လက်နက်မဲ့ ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်မှုတွေ၊ လုပ်ပေမဲ့ ဆန့်ကျင်မှုတွေ ရပ်မသွားဘဲ
ဆောင်းပါးများ မြန်မာသတင်း

တရုတ်က ဘာကြောင့် စစ်တပ်ဖက်ကို လုံးဝရပ်ပြလိုက်တာလဲ?

  • 2024 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 49 Views
စစ်အာဏာသိမ်းတဲ့အခါ ပထမဦးဆုံး တရုတ်က စစ်တပ်ကို ထောက်ခံကြောင်းမပြခဲ့ဘူး။ သူတို့နိုင်ငံကို ထိခိုက်နေတဲ့အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်တွေကို သူတို့က နှိမ်နှင်း ချင်နေတယ်။ ဒါပေမဲ့ ဒီကျားဖြန့်ဂိုဏ်းတွေက ယူနန်နယ်နဲ့ထိစပ်နေတဲ့ ကိုးကန့်နဲ့ “ ဝ” နယ်တွေအပြင် ကရင်ပြည်နယ် ရွှေကုက္ကိုလိုနေရာတွေမှာ
ဆောင်းပါးများ မြန်မာသတင်း

ကျရှုံးနိုင်ငံ ဘာကြောင့် ဖြစ်လာရသလဲ။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 84 Views
အထူးဆောင်းပါး။ ဆောင်းပါးရှင် မြားနတ်မောင် မျှဝေပါသည်။ မြန်မာနိုင်ငံကျဆုံးနိုင်ငံဖြစ်လာရတာ စစ်တပ်က မိမိအလုပ်ဖြစ်တဲ့ တိုင်းပြည်ကာကွယ်ရေးကို အာရုံမစိုက်ခဲ့ဘဲ စစ်ခေါင်းဆောင်အဆက်ဆက် တိုင်းပြည်ကို လက်ပြောင်း မင်းလုပ်အုပ်ချုပ်ပြီး ကိုယ်ကျိုးရှာခဲ့ကြတာကြောင့် စစ်ဗိုလ်တွေ ကျိကျိတက်ချမ်းသာလာခဲ့ပြီး ပြည်သူမွဲတေလာခဲ့တဲ့အပြင် တိုင်းပြည်မှာပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊
ဆောင်းပါးများ နိုင်ငံတကာသတင်း အာရှ

ထိုင်းနိုင်ငံက အကျင့်ပျက် ဗုဒ္ဓဘာသာဘုန်းကြီးဆိုးများ

  • 2024 ခုနှစ်၊ ဩဂုတ်လ 27 ရက်
  • 110 Views
သတင်းဆောင်းပါး ABC ဗီဒီယိုသတင်းက နိုင်ငံခြားသတင်းထောက် Foreign Correspondent- Lauren Day က တင်ပြခဲ့တဲ့ Sex, drugs, money and murder in Thailand’s Monkhood-ထိုင်းသံဃာများအကြား လိင်ဆက်ဆံမှု၊ မူးယစ်ဆေးဝါး၊
ဆောင်းပါးများ နည်းပညာ ဘာသာပြန်ဆောင်းပါး မြန်မာသတင်း သဘာ၀ပတ်ဝန်းကျင်

မြေရှားသတ္တု ကျိန်စာသင့်နေသော မြန်မာနိုင်ငံ

  • 2024 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 359 Views
‘အနစ်နာခံရပ်ဝန်း’ မြန်မာနိုင်ငံသည် ပြည့်ဖြိုးမြဲစွမ်းအင်၏ ဘေးဒဏ်ကို ခံစားနေရသည်။ အေပီ သတင်းထောက်များဖြစ်သော DAKE KANG၊ VICTORIA MILKO နှင့် LORI HINNANT တို့မှ ၂၀၂၂ခုနှစ် သြဂုတ် ၁၀ရက်နေ့ တွင်ရေးသားသည့် ‘The
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

စစ်နိုင်အောင်တိုက်ဖို့ ဘာတွေလိုနေလဲ။

  • 2024 ခုနှစ်၊ မတ်လ 22 ရက်
  • 238 Views
ခေတ်မျက်လုံးရဲ့ အတွေးအမြင် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအပတ်မှာတော့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်တို့က စစ်နိုင်အောင် မတိုက်တဲ့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတဲ့ ဆိုးကျိုး ထွက်လာနေပြီ၊။ အဲ့ဒီအတွက် ပြည်တွင်းက မိဘတွေ၊ လူငယ်တွေ အနိုင်ကျင့်ခံနေတယ်။
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

ခေတ်မျက်လုံးရဲ့ တွေ့ဆုံမေးမြန်း အစီအစဉ်

  • 2024 ခုနှစ်၊ မတ်လ 4 ရက်
  • 165 Views
ခေတ်မျက်လုံးရဲ့ တွေ့ဆုံမေးမြန်း အစီအစဉ်ကနေ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား လိုအပ်ချက်တွေ၊ အားနည်းချက်နဲ့ အားသာချက်တွေကို တရားလွှတ်တော်ရှေ့နေကြီးဦးကြီးမြင့်နဲ့ ကျောင်းသားတပ်မတော်ဥက္ကဋ္ဌဟောင်းဦးထွန်းအောင်ကျော်တို့က သူတို့ရဲ့ပုဂ္ဂိကအမြင်တွေကို တွေ့ဆုံဆွေးနွေးထားတာကို တင်ဆက်သွားမှာပါ။၊ ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေကနေ လူငယ်လူရွယ်တွေအပေါ် ဂယက်ရိုက်ခတ်နေမှုကို ဘယ်လို ကျော်လွှားလုပ်ဆောင်သင့်တယ်ဆိုတဲ့ သူတို့ရဲ့