ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲမှာ အာဆီယံသံတမန်ယာဥ်တန်း တိုက်ခိုက်ခံရမှုကို စင်ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က ရှုတ်ချပြောဆိုလိုက်ပါတယ်။
အာဆီယံလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးရုံးရဲ့ ညှိနှိုင်းမှုနဲ့ အာဆီယံသံတမန်တွေလိုက်ပါလာတဲ့ ယာဥ်တန်းဟာ ဆီဆိုင်မြို့နယ်ထဲက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရုံးမှာ စစ်ရှောင်တွေကို ထောက်ပံ့ရေးပစ္စည်းတွေပေးပြီး တွေ့ဆုံစကားပြောဖို့ အသွားမှာ ယာဥ်တန်း နောက်ဆုံးကားဟာ မေလ ၇ ရက်နေ့တုန်းက လမ်းမှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာမသိရသေးပါဘူး။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အဲဒီယာဥ်တန်းမှာ ရန်ကုန်မှာရှိတဲ့စင်ကာပူသံရုံးက သံရုံးဝန်ထမ်း ၂ ဦးလိုက်ပါသွားတယ်လို့ဖော်ပြထားပါတယ်။
ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘဲ ရန်ကုန်ပြန်ရောက်ခဲ့ပေမယ့်လည်းဒီတိုက်ခိုက်မှုကို ရှုတ်ချတယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတကလည်း ဒီတိုက်ခိုက်မှုကို ရှုတ်ချထားသလို တိုက်ခိုက်ခံရမှုကြောင့် မြန်မာ့အရေး အင်ဒိုနီးရှားရဲ့ အားထုတ်မှု လျှော့သွားမှာမဟုတ်ဘဲ သက်ဆိုင်သူတွေအားလုံးအနေနဲ့ စားပွဲဝိုင်းမှာတွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားလိုက်ပါတယ်။
စစ်ကောင်စီဘက်ကလည်း ယာဥ်တန်းတိုက်ခိုက်ခံရမှုကို အတည်ပြုထုတ်ပြန်သလို ဆီဆိုင်မြို့နယ်၊ နန့်သြရွာအနီးမှာဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုကို စုံစမ်းနေပြီဖြစ်ပြီး နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်တွေက လိုအပ်တဲ့ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေလုပ်နေတယ်လို့ ကြေညာထားပါတယ်။
Era’sEyes / Photo /CJ