လူသားချင်းစာနာထောက်ထားမှုအကူအညီများအား နိုင်ငံတကာ ဥပဒေစိုးမိုးရေးအခြေခံမှ နေ၍ ဖက်ဒရယ်စနစ်အားပံ့ပိုး နိုင်ရေးအတွက် မည်ကဲ့သည့် လက်ခံ၊ ရယူ၊ သုံးစွဲ ဖော်ဆောင်သင့်သနည်း။
အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်တွင် လူထုသန်းနှင့်ချီ၍ ပါဝင်သော ငြိမ်းချမ်းစွာဆန္ဒပြမှုများဖြင့် ဆန့်ကျင်ခဲ့ရာ အောင်မြင်မှုမရခဲ့။ မတတ်သာသည့်အဆုံး မြေပြန့်ဒေသနေ မြန်မာလူမျိုးအမြောက်အများကပါ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို လျောက်လှမ်းလာခဲ့ကြရသည်။
တိုင်းရင်းသားခုခံစစ်ဆင်အင်အားစုများနှင့် ဆက်စပ်တိုက်ပွဲဝင်နိုင်အောင် ကြိုးပမ်းလာခဲ့ကြသည်။ လွတ်လပ်ရေးရပြီးစကထဲက စတင်ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်သည် ပိုမိုကျယ်ပြန့်၊ နက်ရှိုင်း၊ ရှုတ်ထွေးလာခဲ့ရသည်။
လိုအပ်ချက်မှာ စစ်ရေးကို စစ်ရေးနည်းသက်သက်ဖြင့် ခုခံတော်လှန်ရုံသာမက ငြိမ်းချမ်းသည့် အခြားနည်းနာမျိုးစုံကို အဆက်အစပ်ရှိရှိအသုံးပြုကာ စစ်အာဏာရှင်စနစ်ကို မြေမြှုုပ်သုတ်သင်နိုင်ရေး ဖြစ်ပါသည်။
တချိန်တည်းမှာပင် အရေးကြီးလှသည်မှာ စစ်ဘေးစစ်ဒဏ်ကို ခံနေခဲ့ရ၊ ဆက်လက်ခံနေရဆဲဖြစ်သော အရပ်သားလူထုကြီးအတွက် လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအား နိုင်ငံတကာက နေ၍ မည်ကဲ့သို့ လက်ခံရယူမည်နည်း ဟူသောအချက်ဖြစ်သည်။ မည်သူ့ဆီကနေ မည်ကဲ့သို့သောနည်းလမ်းနှင့် ရသည်ဖြစ်စေ၊ ရလျင်ပြီးရောဟူသည့်သဘောနှင့် လက်ခံပြီး ဆေးမြီးတိုနှင့် ဖြေရှင်းခြင်းမျိုးမဖြစ်သင့်။ လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်အောက်တွင် ပေးအပ်သော နိုင်ငံတကာ အကူအညီများသည် စစ်ကောင်စီက ကြိုက်သလောက်ဖြတ်ယူပြီးမှ စစ်ဘေးဒဏ်ခံလူထုလက်ထဲရောက်ရှိခြင်းမျိုးမဖြစ်သင့်။ သမင်မွေးရင်း ကျားစားရင်း ဇာတ်ခင်းကာ ချိနဲ့နေပြီဖြစ်သော စစ်ကောင်စီကို အင်အားပြန်မွေးပေးသည့် အနေအထားမျိုးကို အားမပေးသင့်။
သို့ဖြစ်ပါမူ မည်သည့်အခါတွင်မျှ မပြီးဆုံးနိုင်သော စစ်ပွဲကြီးအား ဆင်နွှဲနေရသည့် ဘဝသို့ ကျရောက်သွားမည်ကို စိုးရိမ်ရဖွယ်ရှိသည်။
ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးစစ်ဒဏ်ခံနေရသော လူထုများ၏ လိုအပ်ချက်နှင့် ဆက်စပ်လျက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ULA/AA နှင့် စစ်ကောင်စီတို့အကြား နောက်ထပ်တဖန် အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရခဲ့ကြသည်။ ၎င်းအတွက် ကြားဝင်ညှိနှိုင်းပေးသူ၊ နီပွန်ဖောင် ဒေးရှင်း၏ဥက္ကဌနှင့် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယိုဟီဆာဆာကာဝါက ‘လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး’ ဟူသော ဝေါဟာရအား ‘အလုံးစုံငြိမ်းချမ်းရေး’ ဟူသည့် နောက်ထပ်ဝေါဟာရတခုနှင့် ဆက်စပ်သုံးနှုန်းခဲ့သည်။
မစ္စတာယိုဟီဆာဆာကာဝါက အဆိုပါဝေါဟာရနှစ်ခုအား ဆက်စပ်သုံးနုန်းခြင်းမှာ ငြိမ်းချမ်းရေးရှာဖွေမှုဖြစ်စဉ် တခုလုံးကို ထိခိုက်လာနိုင်သည်အထိ အလွန် အငြင်းပွားဖွယ်ရာ ဖြစ်လာသည်။ ၎င်း၏ထုတ်ဖော်ပြောကြားချက်မှာ အထွေထွေနိုင်ငံတကာဥပဒေအနေဖြင့် မဖြစ်မနေလိုက်နာရမည့်သတ်မှတ်ချက် (jus cogens) အတွက် ကြီးမားသောစိန်ခေါ်မှုတရပ်ဖြစ်စေခဲ့သည်။ Jus Cogens စံထားချက်အရ မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့ဝင်များကျူးလွန်သည်ဟု စွပ်စွဲထားသော နိုင်ငံတကာ အဆင့်ရှိပြစ်မှုကြီးများအတွက် အပြစ်ပေးအရေးယူနိုင်ရန်မှာ ဂျပန်နိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံအားလုံး၏ တာဝန်ပင်ဖြစ်သည်။
မစ္စတာယိုဟီဆာဆာကာဝါနှင့်ဂျပန်အစိုးရက မြန်မာတနိုင်ငံလုံးအတွက် ငြိမ်းချမ်းရေးဆောင်ကျဉ်းပေး လာသူများအဖြစ် မိမိတို့ကိုယ်ကို ပုံဖော်နိုင်ရေးအတွက် ရခိုင်လူထု၏ လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်အပေါ် အခွင့်ကောင်း ယူခြင်းမျိုးမဖြစ်သင့်၊ ‘လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး’ ဟူ၍ ကြွေးကြော်ကာ အလားတူလုပ်ဆောင်ချက်မျိုးအားအခြားတိုင်းရင်းသားပြည်နယ်များတွင်ပါ တိုးချဲ့ဖော်ဆောင်လာနိုင်ဘွယ်ရှိသည်။
၂၀၂၂ ခုနှစ် ဒီဇင်္ဘာလ (၆) ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုက ပြဌာန်းလိုက်သည့်အမျိုးသားကာကွယ်ရေးဆိုင်ရာ အခွင့်အာဏာအပ်နှင်းသည့် ဥပဒေ အစိတ်အပိုင်း (၁) ပုဒ် ၅၅၆၉ ၏ ပိုဒ်ခွဲ (၆) ၌ (မြန်မာစစ်တပ်က အကြမ်းဘက်ကျူးလွန်မှုများကြောင့် ထိခိုက်ခံစားရသော လူထုများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ များအား ဆက်လက်ပေးအပ်သွားမည်။) ဟု ဖော်ပြထားသည်။ လူထု၏ လိုအပ်ချက်ကလည်း တဘက်တွင်ကြီးမားစွာရှိနေသည်။
အခြားတဘက်တွင် ဂျပန်၊ အမေရိကန်၊ ဥရောပသမဂ္ဂနိုင်ငံများစသည်တို့ကလည်း ကူညီလိုသည့် စေတနာများရှိနေကြသည်။ ဤနှစ်ခုနောက်ခံကို တန်ဘိုးထားရမည်ဖြစ်သော်လည်း တချိန်တည်းတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီသည် အထက် တွင်တင်ပြခဲ့သလို စစ်အာဏာရှင်စနစ်ရေရှည်တည်တံ့ခိုင်မြဲရေးကျားကန်ပေးခြင်းမျိုးလည်း မဖြစ်သင့်။
၂၀၁၁ ခုနှစ်ဝန်းကျင်လောက်ကထဲကစတင်၍ နိပွန်ဖောင်ဒေးရှင်းက ကရင်ပြည်နယ်အတွက် ပေးအပ်ခဲ့သော အကူအညီများအား စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် နိဂုံးချုပ်လိုက်သောအခါ စစ်ဘေးဒဏ်ခံလူထုများအတွက် အကျိုးကျေးဇူးအနည်းအပါးမျှသာရှိခဲ့သည်။ တပ်မတော်နှင့် ၎င်း၏ လက်ဝေခံ ဒေသခံလက်နက်ကိုင်အဖွဲ့များက အဓိကအကျိုးရှိခဲ့သည်။ ပြည်တွင်းစစ်ကို ငြိမ်းသတ်ရာတွင် အထောက်အကူမဖြစ်ခဲ့။ ဖက်ဒရယ်စနစ်အုတ်မြစ်ချရာတွင် မပံ့ပိုးနိုင်ခဲ့။
စစ်အာဏာရှင်စနစ်အား သက်ဆိုးရှည်စေခဲ့သည့် အနေအထားသို့ သက်ရောက်ခဲ့သည်။ ငြိမ်းချမ်းရေးပြယုဂ်အနေဖြင့် ဦးတည်ကာ နိပွန်ဖောင်ဒေးရှင်း အကူအညီဖြင့် တည်ဆောက်ခဲ့သော လေးကေးကော်မြို့သည် ယခုအချိန်တွင် စစ်ဒဏ်အောက်သို့ကျရောက် နိဂုံးချုပ်ရတော့မည့် အနေအထားကို ဦးတည်လျက်ရှိသည်။
လူသားချင်းစာနာထောက်ထားသော အကူအညီအား ဖက်ဒရယ်စနစ်နှင့် မည်ကဲ့သို့ဆက်စပ်စဉ်းစား လက်ခံဖော် ဆောင်မည်နည်း။ ဖက်ဒရယ်စနစ်တွင် အဓိကအားဖြင့် အစိုးရသုံးမျိုးရှိသည်။ ဖက်ဒရယ် ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရများနှင့် ဒေသန္တရ အစိုးရတို့ဖြစ်သည်။ လူသားချင်းစာနာ ထောက်ထားသော အကူအညီအား နိုင်ငံတကာဥပဒေစိုးမိုးရေးအခြေခံတွင် မြန်မာနိုင်ငံနှင့်သင့်တော်သောဖက်ဒရယ်စနစ်ဖြစ်သည့် အချုပ်အခြာအာဏာပိုင် တိုင်းရင်းသားပြည်နယ်များ စုပေါင်းတည်ဆောက်သော ဖက်ဒရယ်စနစ်ကိုပံ့ပိုးနိုင်ရေးအခြေခံမှနေကာ လက်ခံရယူ သုံးစွဲခြင်းမျိုးဖြစ်သင့်ပါသည်။ ယင်းအခြေခံတွင် အစိုးရသုံးမျိုးလည်ပတ်ပုံသည် မည်သို့ဖြစ်သနည်း။
ပြည်နယ်အစိုးရ အသီးသီးသည် ဖက်ဒရယ်ပြည်ထောင်စု၏ ဝင်ရိုးဖြစ်ခြင်း။ကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံကနေ ကိုယ်ပိုင်အုပ်ချုပ်မှု (Self-rule) နဲ့မျှဝေအုပ်ချုပ်မှု (Share-rule) တို့ကို ကျင့်သုံးပြီး ဖက်ဒရယ်စနစ်ကို လည်ပတ်ရာမှာ ပြည်နယ်အစိုးရများသည် ဝင်ရိုးဖြစ်ပါမည်။ ပြည်နယ်အစိုးရများ အချင်းချင်းအကြားတွင် အလျားလိုက်ဆက်ဆံရေး ကို တည်ဆောက်ရန်ဖြစ်သည်။ ဆက်စပ်ပြည်နယ် တခုနှင့် အခြားတခုအကြားတွင်ဖြစ်စေ၊ အချို့အကြားတွင်ဖြစ်စေ၊ ပြည်နယ်အားလုံးပါဝင်စေ လျက်ဖြစ်စေ ဆွေးနွေးညှိနိုင်းကာ သဘောတူစာချုပ်များ ချုပ်ဆိုအကောင်အထည်
ဖော်သွားရန်ဖြစ်သည်။
ဖက်ဒရယ်အစိုးရနှင့် လည်းဒေါင်လိုက်ဆက်ဆံရေး တည်ဆောက်ကာ ပူူးပေါင်းဆောင်ရွက်ရန်နှင့် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ရန်ဖြစ်သည်။ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ လိုအပ်ပါက ဖက်ဒရယ်အစိုးရ၏ ကြီးကြပ်မှု ကို ခံယူဖော်ဆောင်သွားရပါမည်။ ပြည်နယ်အစိုးရများသည် မိမိတို့ပြည်နယ်အတွင်းရှိ ဇုံ (သို့မဟုတ်) ဒေသန္တရ အစိုးရများ တခုနှင့် အခြားတခုအကြားအတွင်း လူ့အခွင့်အရေးကို ဦးတည်လျက် (အမျိုးသား) တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ထိန်းညှိကွပ်ကဲပေးသွားရန် ဖြစ်သည်။
ပြည်နယ်များအသီးသီးအတွင်းရှိ ဇုံ (သို့မဟုတ်) ဒေသန္တရ အစိုးရများ၏ အခန်းကဏ္ဍ။ဇုံ (သို့မဟုတ်) ဒေသန္တရအစိုးရ အစိုးရများသည် မိမိတို့ဒေသအတွင်းရှိ တိုင်းရင်းသားပေါင်းစုံ လူထုများ၊ ပြည်နယ်သားများ၏ လုံခြုံမှုကို အဓိကထားလျက် ၎င်းတို့၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးအစရှိသည်တို့ အဆင်ပြေချောမွေ့စေရေးအတွက် အနီးကပ် ပံ့ပိုးဖော်ဆောင်ပေးရန် ဖြစ်သည်။ ယင်းသို့ဖော်ဆောင်ရာတွင် ဥပဒေစိုးမိုးရေးအခြေခံတွင်လူတဦးချင်းစီအကြား၌ လည်းကောင်း၊ လူမျိုး၊ လူ့အလွှာ၊ လူအုပ်စုတို့အကြား ၌ လည်းကောင်း၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ သင့်တင့်လျောက်ပတ်သော တန်းတူရေးအခြေခံမှ အဓိက ချဉ်းကပ်ရန်ဖြစ်သည်။
ပြည်နယ်အစိုးရအနေဖြင့် အခွန်အကောက်များမှ ရရှိငွေများကိုလည်းကောင်း၊ မြေယာနှင့် သဘာ၀ သယံဇာတ များအား စီမံခန့်ခွဲခြင်းမှ ရရှိသော ဝင်ငွေများကိုလည်းကောင်း၊ နိုင်ငံခြားတိုင်းပြည်များမှ ရရှိသော ထောက်ပံ့မှုများကိုလည်းကောင်း၊ ဖက်ဒရယ်အစိုးရထံမှ ရရှိသော ခွင့်ပြုငွေ နှင့် အမတော်ငွေများ ကိုလည်းကောင်း တိုက်ရိုက်ကိုင်တွယ်သုံးစွဲရန်မဟုတ်။ သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဒေသန္တရ အစိုးရများအား ချပေးကာ သုံးစွဲခွင့်ပြုသွားရန်ဖြစ်သည်။ နိုင်ငံတကာမှ ရရှိလာမည့် လူသားချင်းစာနာထောက်ထားသော အကူအညီများအား လူထုနှင့် အနီးစပ်ဆုံးဖြစ်သော ဒေသန္တရ အစိုးရများကအဓိက သုံးစွဲစေသင့်ပါသည်။ သို့ရာတွင် ပြည်နယ်အစိုးရများက မိမိတို့ပြည်နယ်အတွင်းရှိ ဒေသန္တရအစိုး၇များ၏ လုပ်ငန်း တာဝန်ထမ်းဆောင်ခြင်းကို ကြီးကြပ်ခွင့်ရှိသည်။ကြီးကြပ်ရန် တာဝန်ရှိသည်။
ဖက်ဒရယ် ဗဟိုအစိုးရ၏ အခန်းကဏ္ဍ။
(၁) ပြည်ထောင်စု နိုင်ငံတဝှမ်းလုံးတွင် လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများကို မထိပါးရေးနှင့် မြှင့်တင်နိုင်စေရေးအတွက် ဥပဒေစိုးမိုးရေးအခြေခံမှနေ၍ ကြီးကြပ်ရန်။
(၂) ပြည်နယ် အစိုးရများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် နှင့်အညီအာဏာကို ကန့်သတ်သော အစိုးရစနစ်အား ကျင့်သုံးရေး နှင့်ဒီမိုကရေစီကျင့်စဉ်များအား လေးစားလိုက်နာရေးတို့အတွက် ဖက်ဒရယ် ဖွဲ့စည်းပုံနှင့် အညီကြပ်မတ်ရန်။ ဖက်ဒရယ်ဖွဲ့စည်းပုံနှင့် ပြည်နယ်ဖွဲ့စည်းပုံတို့အား ဆန့်ကျင်လျက်ပြည်နယ်တခုခုတွင်အာဏာရှင်အစိုးရများ မပေါ်ပေါက်စေရေးအတွက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရန်။
(၃) မြန်မာနိုင်ငံနှင့် သင့်တော်သော ဖက်ဒရယ်စနစ်အား ပြည်နယ်အစိုးရများက ဝင်ရိုးသဘွယ်လည်ပတ်
နေမှုများအား ဖက်ဒရယ်အစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများက ပံ့ပိုးရန်။ (ချုပ်ကိုင်ရန်မဟုတ်)
(၄) ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် အညီ အသိအမှတ်ပြု၊ ကာကွယ် စောင့်ရှောက်ထားသော ပြည်နယ်များ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို မထိခိုက်စေဘဲ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရန်။ အငြင်းပွားမှုများ ရှိလာပါက ဖက်ဒရယ်ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အဆုံးအဖြတ်ကို ခံယူဖော်ဆောင်သွားရန်။
(၅) ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များက လွှဲအပ်လိုက်သော အခွင့်အာဏာကို ကိုင်စွဲ၍ ပြည်ထောင်စု၏ အချုပ်အခြာ အာဏာကို ထိမ်းသိမ်းရန်။ ပြည်ပအန္တရယ်ကျရောက်လာပါက ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီတည်ထောင်ထားသော ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို အသုံးပြု၍လည်းကောင်း၊ ပြည်နယ်အစိုးရများအား ဦးဆောင်၍ လည်းကောင်း ခုခံကာကွယ်ရန်။
(၆) ပြည်နယ်တခုနှင့် အခြားတခုအကြား ပြဿနာများ ဖြစ်ပွားလာပါက ဥပဒေစိုးမိုးရေး အခြေခံမှနေ၍ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်စေရေးအတွက် ပံ့ပိုးပေးရန်။
(၇) နိုင်ငံတကာဥပဒေများ၏ စိုးမိုးရေး အပါအဝင် ဥပဒေစိုးမိုးရေးအခြေအနေများတိုးတက်ရေးအတွက် ပြည်နယ်အစိုးရများအား လိုအပ်သည့် ကူညီမှုများပြုရန်။
(၈) ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက်အပံ့ဖြစ်စေရေးအတွက် ဘက်မလိုက်သော နိုင်ငံခြားရေးမူကို ကိုင်စွဲ၍ ကုလသမဂ္ဂပဋိညာဉ်စာတမ်းအခြေခံတွင် ကမ္ဘာ့ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် အားပံ့ပိုးဖော်ဆောင်ရန်။
သုတေသနပြုသူ
ဦးအောင်ထူး (ကျောင်းအုပ်၊ ဖက်ဒရယ် ဥပဒေအကယ်ဒမီ) ၂၀၂၃ ခုနှစ် မေလ (၂၇) ရက်
(စစ်ကိုင်းတိုင်းအတွင်းရှိ လူထုများနှင့် PDFs များအကြား ပုံနှိပ်ဖြန့်ဝေလျက်ရှိသော တူမီးစာစောင်တွင် ဖော်ပြခဲ့
သည့် တင်ပြချက်များအား အများပြည်သူပို၍ ကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်ရန် အချိန်ကာလ ပြောင်းလဲ
တင်ဆက်လိုက်ခြင်း ဖြစ်ပါသည်။ နှစ်ပတ်တကြိမ် ဆက်လက်တင်ဆက်သွားရန် ရည်ရွယ်ပါသည်။)