ထိုင်းဘုရင်မှ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ ထောင်ဒဏ်ကို တနှစ်အထိ လျော့ချပေးလိုက်သည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်၊ ဘန်ကောက်။
ဝန်ကြီးချုပ်ဟောင်း၏ထုတ်ပြန်ချက်တွင် သူ၏အတွေ့အကြုံများက တိုင်းပြည်အတွက် အကျိုးရှိစေရမည်ဟု ဖော်ပြထားသည်။
ထိုင်းဘုရင်က ဘုရင့်လွတ်ငြိမ်းချမ်းသာမိန့်ဖြင့် ထောင် (၈) နှစ် ချခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို ထောင်ဒဏ်တနှစ်သို့ ဘုရင့်သက်ညှာခွင့်အဖြစ် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း ဘုရင့်အမိန့်ပြန်တမ်းကို သောကြာနေ့က ထုတ်ပြန်ပေးလိုက်သည်။
ထိုသက်ညှာခွင့်အမိန့်ကို သြဂုတ်လ (၃၁) ရက်နေ့က ထုတ်ပြန်ခဲ့ပြီး တွဲဖက်လက်မှတ်ထိုးခြင်းကို အိမ်စောင့်အစိုးရအဖြစ် လက်ရှိတာဝန် ယူထားသည့် ဝန်ကြီးချုပ် ချန်အိုချာက လက်မှတ်ရေးထိုးခဲ့သည်။
Source: ဘန်ကောက်ပို့သတင်းစာ
အသက် (၇၄) နှစ်အရွယ် ဘီလီယံနာသူဌေး အကျဉ်းသားသည် ပြည်ပသို့ (၁၅) နှစ်ကြာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး သြဂုတ်လ (၂၂) ရက်နေ့တွင် တိုင်းပြည်သို့ ပြန်လာခဲ့ပြီး မကြာခင်အတွင်း ဘုရင့်ထံ အသနားခံစာကို ချက်ချင်းတင်သွင်း လျှောက်ထားခဲ့သည်။
သက်ဆင်ပြန်ရောက်သည့်နေ့တွင်ပင် အထက်တရားရုံးမှ ၎င်းအား ထောင်ဒဏ် (၈) နှစ်ကို မဆိုင်းမတွ ချမှတ်ခဲ့သည်။ အမှု (၂) မှုအတွက် (၃) နှစ်ချမှတ်ပြီး တတိယအမှုအတွက် (၅) နှစ် စုစုပေါင်း (၈) နှစ်ချမှတ်ခဲ့သည်။ သူသည် ဝန်ကြီးချုပ်ဘဝက ၂၀၀၀ ပြည့်နှစ်များအတွင်း သူ၏ရာထူးအာဏာကို အသုံးချ၍ ကိုယ်ကျိုးရှာခဲ့သည့်အတွက်ကြောင့် ဖြစ်သည်။
ပထမအမှုတွင် သက်ဆင်သည် တရားရုံးသို့ ကိုယ်ကျိုးစီးပွားဆိုင်ရာ တရားစွဲဆိုထားခြင်းကို လာရောက်ရန် ပျက်ကွက်မှုဖြင့် (၃) နှစ် ချမှတ်ခဲ့သည်။ တရားရုံးက သက်ဆင်သည် သူ့မိသားစုပိုင် (Shin Satellite Plc) ရှင်းဆက်တယ်လိုက် ကုမ္ပဏီမှ ထုတ်ကုန်များကို မြန်မာနိုင်ငံမှ ဝယ်ယူနိုင်ရန် နိုင်ငံပိုင် (Exim Bank) အိပ်ဇင်ဘဏ်ကို ဘတ်ငွေ (၄) ဘီလီယံကို အတိုးနှုန်း နည်းပါးစွာဖြင့် မြန်မာနိုင်ငံသို့ ထုတ်ချေးရန် အမိန့်ပေးခဲ့သည်။
ဒုတိယအမှုမှာ သက်ဆင်က တရားမဝင် ဒီဂျစ်တယ်ထီဖွင့်မှုကို ၂၀၀၃ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်အကြားတွင် ပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ခဲ့ခြင်းသည် အာဏာကိုအသုံးပြုပြီး မည်သည့်ဥပဒေကမှ ခွင့်မပြုသည့်အလုပ်ကို လုပ်ဆောင်ခဲ့သည်။
တတိယအမှုမှာ သူ၏ဝန်ကြီးချုပ်သက်တမ်းနှစ်ခု ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း သူ့အတွက် အကျိုးအမြတ် ရရှိစေမှုအတွက် တယ်လီဖုံးဆက်သွယ်ရေးလုပ်ငန်းကို ကိုင်တွယ်ပြီး ကိုယ်ကျိုးစီးပွားအတွက် အထူးအခွင့်အရေးရယူပြီး လုပ်ဆောင်မှုဖြင့် တရားစွဲဆိုခြင်းခံရသည်။
သူနိုင်ငံသို့ပြန်လာပြီးနောက် သက်ဆင်သည် ထောင်ဒဏ်ကို (၁၀) ရက်ကျခံထားပြီးဖြစ်သည်။ ထိုအထဲမှ နာရီအနည်းငယ်ကို ပုလိပ်အထွေထွေ ဆေးရုံကြီးတွင် တက်ရောက်ကုသခံခဲ့ရသည်။ ထောင်ကျပြီးနောက် သူ၏ကျန်းမာရေး အခြေအနေကြောင့် ဘန်ကောက် ရီမန်ထောင်မှ သြဂုတ်လ (၂၂) ရက်နေ့ နေ့လည်ပိုင်းတွင် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
တရားဝင်အရ သူသည် (၇) နှစ် (၁၁) လ နှင့် ရက် (၂၀) ထောင်ထဲတွင်နေရန် ကျန်ရှိနေသေးသည်။ ဘုရင့်ထံ သူ့အား သက်ညှာခွင့်ပေးရန် အသနားခံစာတင်သွင်းမှုတွင် သက်ဆင်သည် သူဝန်ကြီးချုပ်ဘဝတွင် တိုင်းပြည်နှင့် ပြည်သူ့အတွက် များပြားလှစွာသော အကျိုးကျေးဇူးများကို ပေးနိုင်ခဲ့သလို ဘုရင့်အပေါ်တွင်လည်း သစ္စာရှိခဲ့သည်။ တရားရုံးက သူ့အား ပြစ်ဒဏ် ချမှတ်သည့်အခါတွင်လည်း နာခံခဲ့ပြီး သူ့တွင် အပြစ်ရှိကြောင်းလည်း ဝန်ခံခဲ့သည်။ နောင်တတရားရပြီး တရားရုံး၏ အမိန့်ချမှတ်မှုကို လက်ခံခဲ့သည်။ ထို့ကြောင့် သူ့အားသက်ညှာခွင့်အပေးရန် အသနားခံစာ ရေးသားပေးပို့ခဲ့သည်။
ထို့ပြင် ဘုရင့်ထံ သက်ညှာခွင့်တွင် ထပ်လောင်းပြီး ယခု သူသည် အိုမင်းမစွမ်းဖြစ်နေပြီ နေလည်းမကောင်းသောကြောင့် ကျန်းမာရေးကျွမ်းကျင်သူများ၏ ကုသမှုကို ခံယူဖို့လိုသည်ဟု ဆိုသည်။ ဘုရင့်ထံ သက်ညှာခွင့်ပေးရန် သနားခံစာတွင် ခေါင်းဆောင်ဟောင်းကို သက်ညှာခွင့်ပေးလိုက်ခြင်းကြောင့် ၎င်းရရှိထားသည့် ဗဟုသုတ၊ အတွေ့အကြုံများ၊ အရည်အသွေးများကို တိုင်းပြည်အကျိုးအတွက်၊ လူ့အဖွဲ့အစည်းအတွက်၊ ပြည်သူများအတွက် အနာဂတ်မှာ လုပ်ဆောင်ပေးနိုင်မည်ဟု ဆိုထားသည်။
ပုံနှိပ်ထုတ်ပြန်ထားသော ဘုရင့်ပြန်တမ်း ထုတ်ပြန်ချက်အရ ဘုရင်ကြီးသည် အသနားခံလွှာကို အသိအမှတ်ပြုပြီး ဘုရင့်သက်ညှာခွင့်ကို ပေးအပ်လိုက်သည်။
ဝန်ကြီးချုပ် ဆရက်သာ သာဗင်ဆင်ကို ထိုကိစ္စနှင့်ပတ်သက်၍ မေးမြန်းသောအခါ သူ့ကို သက်ဆင်က အသနားခံစာ တင်သွင်းထားကြောင်း အသိပေးထားခြင်း မရှိဟုဆိုသည်။ ထိုကိစ္စသည် ဝန်ကြီးချုပ်ဟောင်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စသာ ဖြစ်သည်ဟု သူက ဆိုသည်။
သက်ဆင်ကလည်း သူ့အသနားခံစာတင်သွင်းမှုသည် နိုင်ငံရေးနှင့်မသက်ဆိုင်ကြောင်းငြင်းဆိုခဲ့သည်။ သူတိုင်းပြည်သို့ ပြန်လာသည့်နေ့တွင်ပင် တိုက်တိုက်ဆိုင်ဆိုင် ဆာရက်သာကို ဖွေထိုင်းပါတီ၏ ဝန်ကြီးချုပ်အဖြစ် ပါလီမန်က ရွေးချယ်သည့်နေ့ ဖြစ်နေခဲ့သည်။ ဖွေထိုင်းပါတီကို သက်ဆင်က ဆယ်စုနှစ်နှစ်ခုခန့်က တည်ထောင်ခဲ့ခြင်းဖြစ်သည်။