ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဗီနီဆီးယက်စ် ဂျူနီယာကို ကာကွယ် ဂုဏ်ပြုတဲ့အနေနဲ့ ဘရာဇီးအစိုးရဟာ “လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး ဥပဒေ”ကို “ဗီနီဆီးယက်စ်ဂျူနီယာ ဥပဒေ”လို့ ပြောင်းလဲသတ်မှတ် လိုက်ပါတယ်။
ရီယိုဒီဂျနေးရိုးအစိုးရဟာ အဲဒီဥပဒေကို ဇွန်လအတွင်း ပြဌာန်းလိုက်တာဖြစ်ပြီး အခုနောက်ပိုင်းကျင်းပမယ့် အားကစားပြိုင်ပွဲတွေမှာ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး အစီအစဉ်တွေကို ပြုလုပ်ကျင်းပသွားတော့မှာဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ဗီနီဆီးယက်စ်ဂျူနီယာဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါပြိုင်ပွဲမှာ မကြာခဏ လူမျိုးရေးခွဲခြားဆက်ဆံခံခဲ့ရလို့ ဘရာဇီးအစိုးရကာ အခုလို ကာကွယ်ပေးဖို့ ပြုလုပ်ခဲ့တာပါ။
“အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုဂုဏ်ပြုတာမျိုးခံရလိမ့်မယ်လို့ ကျတော် တစ်ခါမှ မမျှော်လင့်ခဲ့မိပါဘူး။ ကျတော့်မိသားစုကလည်း ဒီအတွက် အရမ်းဂုဏ်ယူရလိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ ဗီနီဆီးယက်စ်က မာရာကာနာကွင်းကြီးထဲမှာပြုလုပ်တဲ့ အခမ်းအနားမှာ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။



ဗီနီဆီးယက်စ်ဂျူနီယာဥပဒေမှာ လူမျိုးရေးခွဲခြားခံရတဲ့အခါ ခွဲခြားဆက်ဆံသူကို ဘယ်လိုအရေးယူရမလဲ၊ ဘယ်လိုပညာပေးနှစ်သိမ့်ရမလဲဆိုတဲ့အချက်တွေပါဝင်ပါတယ်။ မာရာကာနာကွင်းအတွင်း ဘရာဇီးဘောလုံးလောကရဲ့ အောင်မြင်ကျော်ကြားသူများခြေရာအဖြစ်လည်း ဗီနီဆီးယက်စ်ဂျူနီယာရဲ့ခြေရာကိုရယူ ဖန်တီးပြီး ရီယိုဒီဂျနေးရိုးမြို့တော်ကောင်စီက ဂုဏ်ပြုခဲ့ပါသေးတယ်။