ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် အက်ဒ်နယ်ဒို ရိုဒရီဂွက်ဇ် ပြန်လည်ရွေးချယ်ခံရပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေနဲ့ အရေးယူမှုတွေ ဆက်လုပ်သွားမှာ မဟုတ်ဘူးလို့ ဖီဖာရဲ့တရားရေးရာ ဒါရိုက်တာ အီမီလီယိုဂါစီယာက အတည်ပြုပြောဆိုလိုက်ပါတယ်။
အက်ဒ်နယ်ဒို ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့လအတွင်းက ကျင်းပခဲ့တဲ့ ဘရာဇီးဥက္ကဌသစ်ရွေးကောက်ပွဲမှာ မသမာမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ရာထူးက ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ရီယိုဒီဂျနေးရိုး တရားရုံးက ရိုဒရီဂွက်ဇ်ကို ရာထူးက ဖယ်ရှားဖို့ အမိန့်ထုတ်ခဲ့ပြီးနောက်မှာ ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပဖို့ ယာယီဥက္ကဌတစ်ဦးကို ခန့်အပ်ခဲ့ပါတယ်။
ဒါပေမယ့် ဖက်ဒရယ်တရားရုံးချုပ်ဝန်ကြီး ဂီမာမန်ဒက်စ်က ရိုဒရီဂွက်ဇ်ကို ရာထူးက ဖယ်ရှားခြင်းဟာ ဘရာဇီးဘောလုံးအဖွဲ့ချုပ်အနေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရနိုင်သလို ဘရာဇီးဘောလုံးလောက ပုံရိပ်ကို ပျက်စီးစေကြောင်း သတိပေးပြောဆိုခဲ့ပြီး ရာထူးပြန်လည်ခန့်အပ်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဖီဖာရဲ့ တရားရေးရာ ဒါရိုက်တာ ဂါစီယာဟာ ရာထူးကဖြုတ်ချခံခဲ့ရတဲ့ ရိုဒရီဂွက်ဇ်နဲ့တွေ့ဆုံခဲ့သလို သတင်းထောက်တွေနဲ့လည်း ဇန်နဝါရီ 8 ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံမှုမှာ ဖီဖာဒါရိုက်တာ ဂါစီယာက “ ရိုဒရီဂွက်ဇ်ကို ရာထူးပြန်ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဖယ်ဒရယ်တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ကျတော်တို့ စိတ်သက်သာရာရခဲ့ပါတယ်”လို့ ပြောပါတယ်။
အလားတူ ရိုဒရီဂွက်ဇ်ကလည်း သူ့အနေနဲ့ ဘရာဇီးဘောလုံးလောက အောင်မြင်တိုးတက်ရေးကိုပဲ အာရုံစိုက်သွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ “ အခုချိန်ဟာ ဘရာဇီးဘောလုံးလောကကို ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့ အာရုံစိုက်ရမယ့်အချိန်ဖြစ်ပါတယ်။ ဘောလုံးပြက္ခဒိန်ထဲမှာ ကျတော်တို့အတွက် အရေးကြီးတဲ့ လုပ်စရာတွေအများကြီးပါ။ ဘရာဇီးဘောလုံးလောကနဲ့ ပြိုင်ပွဲတွေ တိုးတက်အောင်မြင်ဖို့ အာရုံစိုက်ရတော့မှာဖြစ်ပါတယ်”လို့ ရိုဒရီဂွက်ဇ်က ဥက္ကဌရာထူး ပြန်လည်ခန့်အပ်ခံရပြီးနောက်မှာ ပြောသွားခဲ့တာပါ။
ဘရာဇီးလက်ရွေးစင်အသင်းဟာ လက်ရှိအချိန်မှာ 2026 ကမ္ဘာ့ဖလားခြေစစ်ပွဲတွေရင်ဆိုင်ကစားနေရပြီး အမှတ်ပေးဇယားမှာတော့ အဆင့် 6 နေရာက ရပ်တည်နေရတာဖြစ်ပါတယ်။