ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘေားထားဆိုတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်များအပေါ် သံသယရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့အပေါ် NLD ပါတီက ယနေ့ ဇူလိုင်လ ၁၄ရက်နေ့မှာ ထုတ်ပြန်ပြောဆိုလာတာပါ။
မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဆိုသော ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်များက ကာယကံရှင်ကိုယ်တိုင်နဲ့ လွတ်လပ်စွာ ပူးတွဲပြောကြားနိုင်သော အခြေအနေမဟုတ်တဲ့အတွက် စကားရပ်တိုင်းသည် စစ်မှန်သည်ဟု ယူဆရန် သံသယရှိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရစဉ်ကာလမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွတ်လပ်စွာ စုံညီအစည်းအဝေး မကျင်းပနိုင်ဘဲ မည်သည့်ဆုံးဖြတ်ချက်မှ ချမှတ်နိုင်မည်မဟုတ်သလို ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို မည်သည့်အခါမှ ဆန့်ကျင်မည်မဟုတ်ဟူသော အချက်များနဲ့ ကွဲလွဲနေတယ်လို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်ရေးလမ်းစအဖြစ် အရေးပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို လွတ်လပ်စွာ တင်ပြနိုင်ရန် အာဆီယံခေါင်းဆောင်များအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ဖို့ အားစိုက်လုပ်ဆောင်သင့်တယ်လို့ NLD က တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ တွေ့ဆုံဆွေးနွေးရေးကို အားပေးကြောင်း ပြောဆိုခဲ့တယ်ဆိုပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Era’sEye