ချက်နိုင်ငံရဲ့ အထက်လွှတ်တော်ဥက္ကဌအပါအဝင် နိုင်ငံခြားရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဥက္ကဌနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပါဝင်တဲ့ အဖွဲ့တို့ တွေ့ဆုံခဲ့ကြတယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အောက်တိုဘာလ (၁၆)ရက်နေ့ ညနေပိုင်းအချိန်က NUG ဝန်ကြီးနဲ့အဖွဲ့ဟာ အထက်လွှတ်တော်ဥက္ကဌ Jiří Oberfalzer အပါအဝင် အထက်လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ Pavel Fischer တို့နဲ့ ချက်နိုင်ငံရဲ့ အထက်လွှတ်တော်မှာ တွေ့ဆုံခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီတွေ့ဆုံမှုမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ဖို့အတွက် လက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေ ဆောင်ရွက်ပေးဖို့ ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာ့အရေး ဥရောပပါလီမန်နဲ့ ဥရောပသမဂ္ဂအတွင်း ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုတွေ ပေးအပ်နိုင်ရေးကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် ပြည်ထောင်စုဝန်ကြီးရဲ့ Prague ခရီးစဉ်မှာ NUCC၊ NUG နဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကြား ကြိုတင်ညှိနှိုင်းသဘောထားချက်ရယူထားတဲ့ ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေဆီ မေတ္တာရပ်ခံစာ(Praha Appeal)ကိုလည်း ပေးအပ်ခဲ့တယ်လို့ NUG က ပြောဆိုထားပါတယ်။
အဲ့ဒီအစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်လည်း ပါဝင်တက်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။