ရှမ်းပြည်နယ် လားရှိုးမြို့ ရပ်ကွက် (၃) မှာရှိတဲ့ CS ဟိုတယ်အနီးမှာ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။
ဒီနေ့ စက်တင်ဘာလ (၁၉) ရက် ညနေ (၅) နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ (၅) ဦး ထိခိုက်ဒဏ်ရာရတာအပြင် အမျိုးသားတစ်ဦးလည်း သေဆုံးသွားပါတယ်။
ပေါက်ကွဲမှုအတွင်း အမျိုးသမီး (၂) ဦးနဲ့ အမျိုးသား (၃) ဦးထိခိုက်ဒဏ်ရာရခဲ့သလို ဆိုင်ကယ်တစ်စီးလည်း ပျက်စီးသွားပြီး ကားတစ်စီးလည်း ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းပေါက်ကွဲတာနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာ မသိရှိရပေမယ့် အခွန်မဆောင်တာနဲ့ ဆက်စပ်ပြီး အခုလို လာရောက် ဖောက်ခွဲတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်မှာလည်း Sunny ဟိုတယ်မှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သလို ဇူလိုင် ၁၅ ရက်မှာလည်း လားရှိုးမြို့မဈေး ဇွဲထက်ရွှေဆိုင်ရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ရွှေဆိုင်ဝန်ထမ်းတစ်ဦး သေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ဖူးပါတယ်။