စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၈ ရက် ည ၅နာရီ ကျော် ဝင်ရောက်ကာ PDF အမျိုးသားတဦးနဲ့ ဒေသခံတဦးကို သတ်ဖြတ်ခဲ့ကာ ပြည်သူနေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာအတွင်း စစ်တပ်စစ်ကြောင်းထွက်သွားပြီအထင်နဲ့ နယ်မြေရှင်းလင်းဖို့လာတဲ့ တော်လှန်တပ် ဖွဲ့နဲ့ စစ်ကောင်စီကင်းပုန်းတပ်သားတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တော်လှန်ရေးရဲဘော် ၁ ဦးနဲ့ ဒေသခံရွာသားတစ်ဦးတို့ ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“ စစ်ကြောင်းဝင်လာပြီဆိုတော့ ရွာခံတွေက ကိုယ်လွတ်ပြေးရတာပေါ့၊ ဘာပစ္စည်းမှ သယ်ချိန် မရလိုက်ဘူး၊တိုက်ပွဲလည်း ဖြစ်ကြသေးတယ်။ သူတို့နဲ့ ဟိုဘက်ဒီဘက်လေ။ တော်လှန်ရေးရဲဘော်ကတော့ ပြည်သူရှေ့ကနေ ကာပြီးပစ်ခတ်ရင်း ပြေးရင်းလွာရင်းနဲ့ကျသွားတာ” လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီစစ်ကြောင်းမှာ အင်အား ၁၀၀ ကျော်ခန့်ပါရှိကာ စစ်ကောင်စီစစ်ကြောင်းဟာ ဆားတောင်မြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်တွေမှာ လှည့် လည်သွားလာနေတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေကတော့ ကျော်ဇေယျာကျေးရွာအနီး သတင်းအရ နယ်မြေလုံခြုံရေး ဆောင်ရွက်နေချိန် ဆိုင်ကယ်မောင်းနှင်လာတဲ့ PDF နှစ်ဦးကို ပစ် ခတ်ဖမ်းဆီးခဲ့ကာသူတို့နဲ့အတူ ပစ္စတို သေနတ်တလက်အပါအဝင် စကားပြောစက် နှစ်လုံး၊ ဆိုင်ကယ် တစီးနဲ့ ကျည်ဆံ တချို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းမှု စတင်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ လက်ရှိ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်အထိ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်တာကြောင့် ပြည်သူပေါင်း ၄၁၅၁ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။