တနင်္ဂနွေနေ့က ရင်ဆိုင်ကစားခဲ့တဲ့ ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ စပိန်အသင်းက အင်္ဂလန်အသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ယူပြီး သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ဗိုလ်စွဲသွားခဲ့ ပါတယ်။
ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ကျင်းပခဲ့တဲ့ အဲဒီဗိုလ်လုပွဲမှာ စပိန်အမျိုးသမီးအသင်းအတွက် သမိုင်းဝင် အနိုင်ဂိုးကို ဘယ်နောက်ခံလူ ကာမိုရာက ပွဲချိန် ၂၉ မိနစ်မှာ သွင်းယူခဲ့တာပါ။
စပိန်အမျိုးသမီးအသင်းအနေနဲ့ ယူ ၁၇၊ ယူ ၂၀ ပြိုင်ပွဲတွေမှာလည်း ကမ္ဘာ့ချန်ပီယံဆုကို ရရှိထားပြီး အခုအခါမှာ စီနီယာပြိုင်ပွဲကြီးအတွက်ပါ အောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။
ဖီဖာအမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ၉ ကြိမ်မြောက်အဖြစ် ကျင်းပခဲ့ရာမှာ စပိန်အသင်းက ၅ သင်းမြောက် ချန်ပီယံဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။















ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ချန်ပီယံဆုဖလားကို အမျိုးသားရော အမျိုးသမီးအသင်းပါ ရရှိတဲ့အသင်းတွေအဖြစ် ဂျာမနီအသင်းနဲ့အတူ စပိန်အမျိုးသမီးအသင်းလည်း မှတ်တမ်းဝင်ခဲ့တာပါ။
စပိန်အမျိုးသမီးအသင်းရဲ့သမိုင်းဝင်အောင်မြင်မှုကို စပိန်ဘုရင်မ လက်တီဇီယာနဲ့ သမီးတော် အင်ဖန်တာဆိုဖီယာကိုယ်တိုင် တက်ရောက် အောင်ပွဲခံခဲ့ပါတယ်။
ဒါပေမယ့် ဗြိတိန်တော်ဝင်မိသားစုက အင်္ဂလန်အမျိုးသမီးအသင်းရဲ့ ဗိုလ်လုပွဲကို တက်ရောက်အားပေးခဲ့ခြင်းမရှိတာကိုတော့ မီဒီယာတွေက မီးမောင်းထိုးဝေဖန်ခဲ့ကြပါတယ်။
အင်္ဂလန်အမျိုးသမီးအသင်းရဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် တော်ဝင်မိသားစုနဲ့ နိုင်ငံအကြီးအကဲ တစ်ဦးမှ တက်ရောက်အားပေးခဲ့ခြင်းမရှိဘဲ ဗိုလ်လုပွဲမတိုင်မီတစ်ရက်က တော်ဝင်မင်းသား ဝီလျံက အောင်မြင်မှုရဖို့ ဆုတောင်းပေးကြောင်း ဗီဒီယိုမက်ဆေ့သာ ပေးပို့ခဲ့တာဖြစ်ပါတယ်။