မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခုက္ကူ -ရေစကြိုကားလမ်းမှာ စစ်အုပ်စု လက်အောက်ခံ Non CDM ဆရာ၊ဆရာမ ၆၀ ကျော်ကို PDF တပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့သိရပါတယ်။
အဲဒီဆရာဆရာမ တွေထဲမှာပျူရွာတွေမှာ နေထိုင်သူတွေပါဝင်ခဲ့ပေမယ့် နောက်ဆုံးအကြိမ်အဖြစ် သတိပေးဆုံးမကာ ပြန်လွှတ်ပေးခဲ့တယ်လို့ Young Force (UG)က မေ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပခုက္ကူ -ရေစကြိုကားလမ်းကို ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ဆေးရာမှာ မေ ၁၈ရက် ညနေပိုင်းက ကားသုံးစီးနဲ့ လိုက်ပါလာတဲ့ စစ်အုပ်စု လက်အောက်ခံဝန်ထမ်းတွေဖြစ်တဲ့ Non CDM ဆရာ၊ဆရာမ အယောက် ၆၀ကျော်ဖမ်းမိခဲ့တာဖြစ်ပါတယ်။
ကားသုံးစီးနဲ့ပါလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယန္တရား လည်ပတ်စေဖို့ ပါဝင်ပေးနေတဲ့ Non CDM ဆရာ၊ဆရာမ အယောက် ၆၀ကျော်ကို ခေတ္တထိန်းသိမ်းထားခဲ့ပြီးလူများတာရယ်၊ ထိန်းသိမ်းထားဖို့နေရာ အခက်ခဲကြောင့်ခေတ္တထိန်းသိမ်းပြီး ပြန်လွှတ်ပေးခဲ့တာပါ။
အဲဒီဆရာ၊ဆရာမတွေကို လက်ရှိ ဖြစ်ပေါ်နေတဲ့ မတရားအာဏာလုယူခံရမှုနဲ့ဆရာ ဆရာမတို့ထောက်ခံနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ကျေးရွာတွေကိုအကြောင်းမဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်စီးနေကြောင်းကိုလည်း PDFတပ်ဖွဲ့ဝင်တွေက ရှင်းပြလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီဆရာ ဆရာမ အဖွဲ့တွေရဲ့ ကျောင်းသုံးဆက်စပ်ပစ္စည်းတွေနဲ့ ကားသုံးစီးကိုသိမ်းယူပြီးလိုအပ်တဲ့နေရာတွေမှာအသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မတရားမှု့ကိုဆန့်ကျင်ပြီး CDM ပြုလုပ်လိုပါက စိစစ်လက်ခံနေဆဲဖြစ်ပြီး လက်နက် ခဲယမ်းတွေ ယူဆောင်လာနိုင်ပါက ထိုက်တန်တဲ့ ဆုငွေလည်း ပေးအပ်သွားမှာဖြစ်တယ်လို့ Young Force (UG) ပခုက္ကူမြို့နယ်(ပကဖ)က ထုတ်ပြန်ထားပါတယ်။
#Era’Eyes /Photo -Young Force (UG)