၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်၊ ခေတ်မျက်လုံး။
ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့က ရွာတွေထဲကို စစ်ကောင်စီတပ်က တစ်ရက်ထဲ လေကြောင်း (၅)ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
နိုဝင်ဘာလ (၂၃)ရက် နေ့လယ် (၁၁) နာရီ (၅၇) မိနစ်ကစပြီး (၁၂) နာရီ (၇) မိနစ်အထိ လယ်ဒိုမြို့က ဒေါင်းမို့ရွာ၊ ဝါးပင်စုရွာနဲ့ တောကြောင်ပေါက်ရွာတွေကို လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တောကြောင်ပေါက်ရွာက (၁၀) နှစ်ကလေးငယ်အပါအဝင် (၃) ဦးကျည်ထိမှန်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် ရွာထဲက စောမင်းမင်း၊ နော်အုန်းငွေ၊ စောကျော်ဝင်း၊ စောဇော်လွင်၊ စောရဲကိုကို၊ စောနေအောင်နဲ့ စောမျိုးဇော်ဦးတို့ရဲ့ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ပြောဆိုထားပါတယ်။
နိုဝင်ဘာလ (၁၈)ရက်နေ့ကလည်း ဝင်းရေမြို့နယ်ထဲက နို့ဘယ်လောရွာကို ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲကာ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတစ်ဦး ထိခိုက်ခဲ့ပြီး နေအိမ် (၅)လုံးခန့် ပျက်စီးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။




