၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်၊ ခေတ်မျက်လုံး။
ကိုးကန့်တပ်(MNDAA)ရဲ့ စစ်ဆင်ရေးကြီးအား လှိုက်လှိုက်လှဲလှဲ ထောက်ခံကြိုဆိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ် အမြစ်ပြတ်ချေမှုန်းရေးမှာ ကိုးကန့်တပ်(MNDAA)ရဲ့ အခုလို ပိုမိုအားထည့်ပါဝင်လာတာက နွေဦးတော်လှန်ရေးအတွက် ကြီးမားတဲ့ အထောက်အပံ့ဖြစ်တာကို ပြည်သူတစ်ရပ်လုံးကိုယ်စား ပြောကြားလိုတယ်လို့ ဆိုထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)အနေနဲ့ ကိုးကန့်တပ်(MNDAA)တို့နဲ့ တစ်သားတည်းတည်ရှိပြီး စစ်ဆင်ရေးအောင်မြင်စေဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ကိုးကန့်တပ်(MNDAA)နဲ့အတူ ညီနောင်မဟာမိတ်အဖွဲ့တွေက အော်ပရေးရှင်း ၁၀၂၇ အနေနဲ့ ဒီကနေ့ကစပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)က နေရာအများအပြားမှာ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
ဒီကနေ့ နံနက် (၄)နာရီကစပြီး ရှမ်းမြောက်မှာ ထိုးစစ်ဆင်တိုက်ခိုက်မှုထဲ မန္တလေး-PDF နဲ့ BPLA တပ်ဖွဲ့ဝင်တွေလည်း ပါဝင်တိုက်ခိုက်နေတယ်လို့ BPLA ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။