မေလ (၁)ရက်။
တော်လှန်ရေးကာလထဲ စစ်ရေးအရ လွတ်မြောက်ဒေသနဲ့ ထိန်းချုပ်ဧရိယာတွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကျင့်သုံးနိုင်ကြဖို့ အားပေးရမယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုထားချက်အရ သိရပါတယ်။
“ ကျွန်တော်တို့ဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို ထူထောင်နိုင်ချိန်ကျမှ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ သက်ဆိုင်တာမျိုး မဟုတ်ပါဘူး။ လက်ရှိ တော်လှန်ရေးကာလထဲမှာလဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာကို ကျင့်သုံးလို့ရတယ်ဆိုတာပဲ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
အခုအခါ ခုခံတော်လှန်စစ်ကာလထဲမှာ စစ်ရေးအရ လွတ်မြောက်ဒေသနဲ့ စစ်ရေးအရ ထိန်းချုပ်ဧရိယာတွေ အမြောက်အမြား ပေါ်လာပြီးဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်လာနိုင်တဲ့ တော်လှန်ရေးအလားအလာနဲ့ ဖြစ်နိုင်ချေရှိတဲ့ နိုင်ငံရေးအလားအလာတွေကို မျှခြေညီညီ ကြည့်မြင်ပြီး အနာဂတ်မှာ ပေါ်ပေါက်လာမယ့် ဖြစ်ပေါ် တိုးတက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့ပြင် နိုင်ငံရေး ရာသီဥတုအကူးအပြောင်းမှာလဲ အဖျားအနာကင်းကင်းနဲ့ ကျန်းမာစွာ ဆက်လက်လျှောက်လှမ်းနိုင်မှသာ တော်လှန်ရေးခရီးကို ဆုံးခန်းတိုင်တဲ့အထိ ရောက်ရှိမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ခုခံတော်လှန်စစ်ကာလ (၄)နှစ်တာကာလမှာ အောင်ပွဲတွေလဲ ရရှိခဲ့သလို လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေလဲ ရှိခဲ့ပြီး အမှားအယွင်း နည်းနိုင်သမျှနည်းအောင် ကြိုးစားကြဖို့ ယာယီသမ္မတက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်